|
RMS

ကြက်ခြေနီက မုတ်သုံကာလဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းအစည်းအဝေးပြုလုပ်

  15/ Jun/ 2021

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ အမေရိကန်ကြက်ခြေနီအသင်းနှင့် ဂျာမာန်ကြက်ခြေနီအသင်းတို့ ပူးပေါင်းပြီး မုတ်သုံကာလဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းအစည်းအဝေး (Pre-Disaster Meeting) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့က ရန်ကုန်မြို့ Park Royal Hotel တွင်ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားအဖွင့်မိန့်ခွန်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်က Pre-Disaster Meeting သည် နှစ်စဉ်ဆောင်ရွက်နေကျအစည်းအဝေးဖြစ်ကြောင်း၊ အလားတူမုတ်သုံကာလဝင်ရောက်လာပြီဖြစ်သောကြောင့် COVID-19 ရောဂါကာကွယ်ရေးတုံ့ပြန်ဆောင်ရွက်ရင်း ဖြစ်ပွားလာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ပြည်သူလူထုထု၏ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းကို ဦးတည်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အသင်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေသည့်အဖွဲ့အစည်းဖြစ်သောကြောင့် ယခုအစည်းအဝေးတွင် မိမိတို့၏ တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆွေးနွေးတင်ပြမှုများ၊ သတင်းအချက်အလက်မျှဝေမှုများဖြင့် ပူးပေါင်းပါဝင်ကြရန်မှာကြားလိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေ/နည်းဥပဒေများနဲ့အညီ လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ အသင်းဌာနချုပ်အနေဖြင့် မြေပြင်တွင် ဆောင်ရွက်နေကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် လိုအပ်သည့် ထောက်ပံ့မှုများရရှိနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
အခမ်းအနားသို့ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အချိန်ပိုင်းအလုပ်အမှုဆောင်များ၊ အထွေထွေအတွင်းရေးမှူး၊ ဒုတိယအထွထွေအတွင်းရေးမှူးများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများနှင့် ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ ညွှန်ကြားရေးမှူးများနှင့် ဌာနမှူးများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှတာဝန်ရှိသူများ၊ မိတ်ဖက်အမျိုးသားအသင်းများမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ ၁၅ မှ ၁၆ ရက်နေ့ထိ (၂) ရက်တာ ပြုလုပ်မည် ဖြစ်ပါသည်။