မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) သည် မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို သက်တမ်းအရှည်ကြာဆုံး သမိုင်းကြောင်းဖြင့် ဦးဆောင်နေသည့် အဖွဲ့အစည်း ဖြစ်သည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဥပဒေ (ကြက်ခြေနီဥပဒေ၊ ၂၀၁၅) အပိုဒ်ခွဲ ၃၊ ၅ နှင့် ၁၁ အရ နိုင်ငံတော်၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးသည့်လုပ်ငန်းများအတွက် အရန်အင်အားအဖြစ် ဆောင်ရွက်ရန် ပြဌာန်းထားပြီး၊ သဘာဝဘေးနှင့် ပဋိပက္ခများအကြား တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းအတွက် မူဝါဒနှင့် စံနှုန်းသတ်မှတ်များ ရေးဆွဲ၍ စနစ်တကျပြင်ဆင်ထားရှိပြီး ပြောင်းလဲတိုးတက်မှုများနှင့်အညီ တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် သဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများကို ၂၀၀၃ ခုနှစ်တွင် စတင်ခဲ့ပြီး အိန္ဒိယသမုဒ္ဒရာ ဆူနာမီ ၂၀၀၄ သည် အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံအားလုံးကို ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုနှင့် ကြိုတင်သတိပေးခြင်းစနစ်တွင် ပိုမိုဆောင်ရွက်ရန် သတိပြုမိစေ ခဲ့သဖြင့် စဉ်ဆက်မပြတ် တိုးမြှင့်ဆောင်ရွက်ခဲ့သည်။
၂၀၀၄ ခုနှစ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု မူဝါဒ-မူကြမ်းကို စတင်ရေးဆွဲခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနကို တည်ထောင် ခဲ့သည်။ ပထမအကြိမ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု မူဝါဒ ၂၀၀၆ ခုနှစ်တွင် အတည်ပြုခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လူထုအခြေပြုဘေးလျော့ပါးရေးလုပ်ငန်းများနှင့် ဘေးအန္တရာယ်ဆိုင်ရာကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခဲ့သည်။
အသင်းအဆင့်ဆင့်တိုင်းတွင် ထိရောက်သောဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှု လုပ်ငန်းစွမ်းရည်ကို ပိုမိုကောင်းမွန်အောင် စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်းသည် ၂၀၂၁-၂၀၂၅ မဟာဗျူဟာ၏ ရည်မှန်းချက်များထဲမှတစ်ခုဖြစ်သည်။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနသည် အသင်း၏လုပ်ပိုင်ခွင့်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသည့် အပြင် ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး၊ ဘေးထိခိုက်မှုလျော့ပါရေး၊ ဘေးတုန့်ပြန်ရေးအတွက် အဆင်သင့်ဖြစ်နိုင်ရေး၊ ဖြစ်လာနိုင်ခြေရှိသော ဘေးများအတွက်ကြိုတင်မျှော်မှန်းပြင်ဆင်ဆောင်ရွက်ရေး
ထိရောက်သော ဘေးတုန့်ပြန်ဆောင်ရွက်ရေးလုပ်ငန်းတို့ ပါ၀င်သည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းစဉ်ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အရေးပါသော ဌာနတစ်ခု ဖြစ်သည်။