သမိုင်းကြောင်း
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အိန္ဒိယနိုင်ငံ ကြက်ခြေနီ အသင်း၏ အသင်းခွဲအနေဖြင့် ၁၉၂ဝ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၁၉၃၇ ခုနှစ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအဖြစ် သီးခြားရပ်တည်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီက အမျိုးသား ကြက်ခြေနီအသင်းအဖြစ် အသိအမှတ်ပြုခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်း၏ အဖွဲ့ဝင်အသင်းတစ်သင်းဖြစ် လာသည်။
ဥပဒေ တည်ရှိမှု
၁၉၅၉ ခုနှစ်တွင် နိုင်ငံတော်က အသင်းကို အမြဲတမ်း လူမှု ကရုဏာအသင်းအဖြစ် အက်ဥပဒေပြဋ္ဌာန်းကာ တာဝန်ပေး အပ်ခဲ့သည်။ အဆိုပါ အက်ဥပဒေအရ စိန်ဂျွန်းသူနာပြုတပ်ဖွဲ့ကို အသင်း၏ ကြက်ခြေနီသူနာပြုတပ်ဖွဲ့အဖြစ် ပြောင်းလဲ ပါဝင်ဖွဲ့စည်းထားခဲ့သည်။ ၎င်းအက်ဥပဒေကို ၁၉၆၄ ခုနှစ်၊ ၁၉၇၁ ခုနှစ်၊ ၁၉၈၈ ခုနှစ် တို့တွင် ပြင်ဆင်မှုများ ပြု လုပ်ခဲ့ပြီးနောက် ယနေ့ခေတ် လိုအပ်ချက်၊ လုပ်ဆောင်ချက်များနှင့်ကိုက်ညီရန် ဥပဒေကို ပြင်ဆင်ရေးဆွဲခဲ့ရာ ၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ(၂၆)ရက် နေ့တွင် ဥပဒေ အမှတ် ၅၂ ဖြင့် ပြည်ထောင်စုလွှတ်တော်က မြန်မာနိုင်ငံကြက်ခြေနီ အသင်း ဥပဒေကို အတည်ပြု ပြဋ္ဌာန်းပေးခဲ့သည်။ ထိုဥပဒေကို အ ကောင်အထည်ဖော်ရန်အလို့ငှာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၅) ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက် ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသင်း၏ နည်းဥပဒေကို ထုတ်ပြန်ပေးခဲ့သည်။
ဖွဲ့စည်းမှု
အသင်း၏ အမြင့်ဆုံး အုပ်ချုပ်မှုမှာ ကြက်ခြေနီညီလာခံဖြစ်ပြီး ညီလာခံ သက်တမ်းအရ သုံးနှစ်တစ်ကြိမ် ကျင်းပပြုလုပ် ကာ ကောင်စီဝင်(၇၁)ဦး ကို ညီလာခံက ရွေးချယ်တင် မြှောက်ပြီး ထိုကောင်စီဝင်များက အသင်း၏ ဆုံးဖြတ်ချက်များ၊ မူဝါဒများ ကို အတည်ပြု ချမှတ်ပေးသည်။ ထိုချမှတ်ထားသည့် ဆုံးဖြတ် ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် အဆိုပါ ကောင်စီဝင်များထဲမှ အလုပ်အမှုဆောင် (၁၁)ဦးကို ရွေးချယ် တင်မြှောက်ကာ အသင်း၏ မူဝါဒဆိုင်ရာနှင့် လမ်းညွန်မှုလုပ် ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်သည်။
အသင်း၏ လူမှုကရုဏာလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန် တစ်နိုင်ငံလုံး အတိုင်းအတာအရ တိုင်းနှင့် ပြည်နယ်(၁၇)ခုနှင့် ခရိုင်(၇၄)ခုတို့တွင် ကြက်ခြေနီကြီးကြပ် မှုကော်မတီများ၊ မြို့နယ်အသင်းခွဲပေါင်း(၃၃၀)သင်းတို့ဖြင့် အဆင့်ဆင့် စီမံခန့်ခွဲ အုပ်ချုပ်မှုစနစ်ဖြင့် ဖွဲ့စည်းထားရှိသည့် အပြင် အသင်းတွင် ပါဝင်လှုပ်ရှားနိုင်ရန် ရာသက်ပန်အသင်း သား၊ သာမန်အသင်းသား၊ တပ်ဖွဲ့ဝင်အသင်းသား ဟူ၍ အသင်းသား အမျိုးအစား(၃)မျိုး သတ်မှတ်ထားရှိသည်။
ပိုင်ဆိုင်မှု
အသင်းတွင်ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံပေါင်း(၃ဝ)ရှိပြီး တိုင်းနှင့်ပြည်နယ်အလိုက် ဖြန့်ကျက် ထားရှိကာ ဘေးအန္တရာယ်ထိခိုက်ခံစားရသူ များအတွက် အချိန်နှင့်တပြေးညီ ကူညီထောက်ပံ့ပေးလျက်ရှိ သည်။ ၂၀၂၀ ခုနှစ် စာရင်းဇယား များအရ (၂၁၁)မြို့နယ်တွင် မြို့နယ်အသင်းခွဲပိုင် မြေကွက်များ ရှိပြီး၊ (၁၄၄)မြို့နယ်တွင် ကြက်ခြေနီ အသင်းခွဲပိုင် ရုံး၊ အဆောက်အဦများ ပိုင်ဆိုင်ထားရှိပါသည်။
ဆင်းရဲဒုက္ခနည်းပါး သက်သာစေရန်
ပြည်တွင်းပြည်ပရှိ ဘေးအန္တရာယ်ကျ ရောက်လွယ်သူများအတွက် လူမှုကရုဏာ အကူအညီများ ပေးနိုင်သည့် စွမ်းဆောင်ရည် ပြည့်ဝသော အမျိုးသား ကြက်ခြေနီအသင်း ဖြစ်လာစေရန်။
အသင်းသည် အသင်းခွဲ အရင်းအမြစ်များ နှင့် စေတနာလုပ်အားရှင် အသင်းဝင် ကွန်ယက်တို့ ပူးပေါင်း ၍ ရပ်ရွာအခြေပြု လုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် လူမှုကရုဏာတန်ဖိုးများကို ပြန့်ပွားစေခြင်းဖြင့် ဘေးဒဏ် ပိုမို ကြံ့ကြံ့ခိုင် နိုင်စွမ်းရှိသော ရပ်ရွာလူထုများ ဖြစ်လာ စေရန် နိုင်ငံတော်၏ လူမှုကရုဏာ အခန်းကဏ္ဍတွင် အရန် အင်အားအဖြစ် ဆောင်ရွက်သွားမည်။