စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာအားပေးကူညီခြင်း (Psychosocial Support)

  10/ Sep/ 2021

စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာအားပေးကူညီခြင်းဆိုတာ လူတစ်ဦးချင်းဖြစ်စေ၊ မိသားစုလိုက်ဖြစ်စေ၊ ရပ်ရွာလူထုရဲ့လိုအပ်ချက်တွေဖြစ်ကြတဲ့ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာတွေအတွက် ကူညီဆောင်ရွက်ပေးတာဖြစ်ပါတယ်။ အဲ့ဒီလိုကူညီဆောင်ရွက်ပေးရာမှာ ဆိုးကျိုးဖြစ်စေတဲ့ မကောင်းတဲ့အတွေ့အကြုံအနေအထားတွေကနေ နဂိုမူလအနေအထားကို ပြန်လည်ရောက်ရှိလာစေရေးအတွက် လိုအပ်တဲ့အရာတွေကို ဖြည့်ဆည်းကူညီအားပေးရပါတယ်။
စိတ်ပိုင်းဆိုင်ရာအားပေးကူညီရာမှာ အခြေခံသဘောတရားတွေဖြစ်တဲ့ တခြားသူတွေရဲ့ခံစားချက်ကို အာရုံစူးစိုက်နားထောက်ပေးကာ နားလည်လက်ခံပေးခြင်း၊ စိတ်သောကကို တည်ငြိမ်အောင်ပြုလုပ်ပေးခြင်း၊ လိုအပ်ချက်နဲ့စိုးရိမ်ပူပန်နေတဲ့အကြောင်းအရာတွေ၊ လတ်တလောလိုအပ်ချက်တွေနဲ့ ပြဿနာတွေကို သေချာနားထောင်ပေးပြီး ဖြေရှင်းဖို့နည်းလမ်းကောင်းတွေကို ကူညီရှာဖွေပေးရပါတယ်။ အဲ့ဒီလိုပြုလုပ်ရာမှာ ချစ်ခင်ရသူတွေနဲ့ချိတ်ဆက်ပေးတာတွေ၊ ပြဿနာကိုလက်တွေ့ကျကျဖြေရှင်းစေတာတွေအပြင် လိုအပ်တဲ့အခါ အခြားသူတွေရဲ့ကူညီမှုတွေကိုရယူပြီး လူမှုရေးဆိုင်ရာအကူအညီတွေပေးရပါတယ်။
မြန်မာနိုင်ငံအနှံ့အပြားမှာရှိနေကြတဲ့ ကျွန်ုပ်တို့ရဲ့ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ ရပ်ရွာလူထုဆင်းရဲ့ဒုက္ခနည်းပါးသက်သာစေရန်အတွက် ရည်ရွယ်ပြီး လူမှုကရုဏာအကူအညီတွေကို ဆောင်ရွက်ကြရာမှာ လိုအပ်တဲ့အခါ စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုတွေကိုပါ ပြုလုပ်ပေးကြရပါတယ်။
ယခုဖြစ်ပွားနေတဲ့ COVID-19 ရောဂါကူးစက်မှုနဲ့ ပဋိပက္ခအခြေအနေတွေကြောင့် ရပ်ရွာလူထုဟာ စိုးရိမ်ထိတ်လန့်မှုတွေကိုရင်ဆိုင်နေကြရပြီး ကျွန်ုပ်တို့ရဲ့ကြက်ခြေနီစေတနာလုပ်အားရှင်တွေကလည်း တတ်နိုင်သမျှ စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာအားပေးကူညီမှုတွေကို ပြုလုပ်ပေးကာ ရပ်ရွာလူထုနဲ့အတူရှိနေကြမှာပဲဖြစ်ပါတယ်။