ရခိုင်ပြည်နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ လှုပ်ရှားဆောင်ရွက်မှုများ

  21/ Sep/ 2021

၂၀၂၁ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မြောက်ဦးမြို့ရှိ တိုက်ပွဲရှောင်စခန်းများ၌ သွေးတိုး၊ ဆီးချို၊ သွေးချို‌ရောဂါ ကျန်းမာရေးအသိပညာပေးခြင်းကို ပြုလုပ်ခဲ့ကြပါသည်။
ထို့အတူ စက်တင်ဘာလ (၂၀)ရက်‌နေ့ကလည်း ပေါက်တောမြို့နယ်၊ ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် သဝင်ချောင်းကျေးရွာ၌ COVID-19 ရောဂါကျန်းမာရေးအသိပညာပေးခြင်းကို ပြုလုပ်ခဲ့ပြီး နှာခေါင်းစည်းများကို ပေးဝေခဲ့ကြပါသည်။
ထို့အပြင် ကျောက်တော်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကျောက်တော်မြို့ မဟာကံကြီးရှင်ဘုရားရှေ့ နှင့် ဂစ္ဆပသီရိအဝေးပြေးကားဂိတ်တို့တွင် ခရီးသွားပြည်သူများအား COVID-19 ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း(၅၀၀)ခုကို ပေးဝေပေးခဲ့ပြီး လက်သန့်ဆေးရည်ဖြင့် လက်သန့်စင်နိုင်ရန် ကူညီဆောင်ရွက်ခဲ့ကြပါသည်။