ကြက်ခြေနီက ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း (နည်းပြ) သင်တန်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများကြောင့် ထိခိုက်မှုလျော့ပါးရေး အသိပညာပေး သင်တန်းပြုလုပ်

  11/ Mar/ 2022

မန္တလေး၊ ၂၀၂၂ခုနှစ်၊ မတ်လ (၉) ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း (နည်းပြ)သင်တန်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများကြောင့် ထိခိုက်မှု လျော့ပါးရေး အသိပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ မတ်လ (၉) ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ရတနာသိင်္ဂီဟိုတယ်တွင် ပြုလုပ်ခဲ့ပါသည်။
  သင်တန်းဖွင့်ပွဲတွင် မန္တလေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာ ဦးသိန်းထွန်းဆောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အသင်းဌာနချုပ် ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန စီမံကိန်းမန်နေဂျာ ဦးထွန်းလွင်ဦးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကာ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ ကိုယ်စားလှယ်က အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး (၃) ခု၊ ခရိုင်နှင့် မြို့နယ်များတွင် အသုံးပြုရန်အတွက် ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း ဆေးအိတ် (၁၁၇) အိတ်အား ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ လက်ခံခဲ့ပါသည်။
  အဆိုပါသင်တန်းဖွင့်ပွဲကို မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးများမှ ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဌများနှင့် ကြက်ခြေနီတပ်ဖွဲမှူးများ၊ အသင်းဌာနချုပ် ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနမှ စီမံကိန်းမန်နေဂျာနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းသား/သူ ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ခဲ့ပါသည်။ (၄)ရက်တာပြုလုပ်မည့် အဆိုပါ သင်တန်းတွင် မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့မှ ကြက်ခြေနီစေတနာလုပ်အားရှင် သင်တန်းသား/သူ (၂၀) ဦး တက်ရောက်လျက်ရှိကြောင်း သိရပါသည်။