ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်ပြည်နယ်ရှိ ထိခိုက်ခံစားရသူများအား ကြက်ခြေနီက အရေးပေါ်ကယ်ဆယ်ရေးသုံးပစ္စည်းများ၊ သောက်သုံးရေများဖြန့်ဝေခြင်းနှင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆက်လက်ဆောင်ရွက်

  24/ May/ 2023

စစ်တွေ၊ ၂၀၂၃ ခုနှစ်၊ မေလ (၂၄)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ဆိုင်ကလုန်းမုန်တိုင်းမိုခါတိုက်ခတ်မှုကြောင့် ထိခိုက်ခံစားရသည့် ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် အရေးပေါ်သုံးကယ်ဆယ်ရေးပစ္စည်းများနှင့် သောက်သုံးရေများဖြန့်ဝေပေးခြင်း၊ ပြည်သူလူထု ပဏာမကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ရွေ့လျားဆေးခန်းဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဝန်ထမ်းများနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောင်ရွက်လျက်ရှိပါသည်။
မေလ(၂၃)ရက်နေ့က ရွေ့လျားဆေးပေးခန်းဖြင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုအဖြစ် စစ်တွေမြို့နယ်၊ ကျောင်းကြီးလမ်းရပ်ကွက်မှ ဆေးခန်းလာရောက်ပြသသည့် ပြည်သူ (၈၀) ဦးအား ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ပြီး၊ (၈၂)ဦးကို သန့်လေးသန့်၊ စနစ်တကျလက်ဆေးခြင်းနှင့် ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ရေးအကြောင်း ကျန်းမာရေးအသိပညာပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
သောက်သုံးရေဖြန့်ဝေပေးရာတွင် စစ်တွေမြို့နယ်၊ EPC ဝန်ထမ်းအိမ်ယာမှ အိမ်ထောင်စု(၈၅)စု အတွက် ရေလီတာ (၂,၅၀၀)၊ အမြင့်ကျွန်းကျေးရွာမှ အိမ်ထောင်စု(၅၀)စုအတွက် ရေလီတာ(၁,၀၀၀)၊ မင်းဂံအကွက်(၂)စလုံးနောက်တန်းရပ်ကွက်မှ အိမ်ထောင်စု(၂၅၀)စုအတွက် ရေလီတာ(၁,၅၀၀)၊ ပုဏ္ဏားကျွန်းမြို့နယ်(ကုလားချောင်ရွာ)မှ အိမ်ထောင်စု(၅၀)စုအတွက်ရေလီတာ(၁,၀၀၀)၊ ပြည်နယ်ကြက်ခြေနီသိုလှောင်ရုံရှေ့ ရေပေးဝေရာနေရာတွင် ရေလီတာ(၂၄,၄၆၀)ဖြင့် စုစုပေါင်းသောက်ရေလီ(၃၀,၄၆၀)ကို ဖြန့်ဝေပေးခဲ့ပါသည်။
အလားတူ အရေးပေါ်ကယ်ဆယ်ရေးသုံးပစ္စည်းများဖြန့်ဝေရာတွင် ဘူးသီးတောင်မြို့နယ် ကကျက်ဘက်ကံပြင်ကျေးရွာရှိ အိမ်ထောင်စု (၃၃)စုအတွက် မိသားစုသုံးပစ္စည်း (၃၃)စုံ၊ တစ်ကိုယ်ရည် အမျိုးသမီးသန့်ရှင်းရေးသုံးပစ္စည်း (၃၀)အိတ်နှင့် ကကျက်ဘက်ကျေးရွာတွင် မိသားစုသုံးပစ္စည်း (၉)စုံ၊ တစ်ကိုယ်ရည်အမျိုးသမီးသန့်ရှင်းရေးသုံးပစ္စည်း(၉)အိတ်တို့ကို ဖြန့်ဝေပေးခဲ့ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အကူအညီလိုအပ်နေသည့် ယာယီခိုလှုံရာစခန်းများနှင့် ကျေးရွာများမှ ပြည်သူများ‌အတွက် စားနပ်ရိက္ခာများ၊ ရေနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမိုးအကာများ ထောက်ပံ့နိုင်ရေးနှင့် အရေးပေါ်ငွေသားထောက်ပံ့နိုင်ပေးနိုင်ရေးတို့ကိုလည်း ဆက်လက်ထောက်ပံ့ကူညီနိုင်ရန် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။