ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်ပြည်နယ်ရှိ ထိခိုက်ခံစားရသူများအား ကြက်ခြေနီက သောက်သုံးရေများ ဖြန့်ဝေခြင်းနှင့်ပြည်သူလူထုအတွက်ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

  23/ May/ 2023

စစ်တွေ၊ ၂၀၂၃ ခုနှစ်၊ မေလ (၂၃)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ဆိုင်ကလုန်းမုန်တိုင်းမိုခါတိုက်ခတ်မှုကြောင့် ထိခိုက်ခံစားရသည့် ရခိုင်ပြည်နယ်ရှိပြည်သူများအတွက် သောက်သုံးရေများဖြန့်ဝေပေးခြင်း၊ ပြည်သူလူထုပဏာမကျန်းမာရေး စောင့်ရှောက်မှုအဖြစ်ရွေ့လျားဆေးခန်းဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဝန်ထမ်းများနှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောင်ရွက်လျက်ရှိပါသည်။
မေလ(၂၂)ရက်နေ့က ရွေ့လျားဆေးပေးခန်းဖြင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုအဖြစ် စစ်တွေမြို့နယ်၊ အနောက်စံပြ(မူစလင်)စခန်းမှ ဆေးခန်းပြသသူ(၉၅) ဦးအား ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ပြီး၊ (၆၈)ဦးကို သန့်လေးသန့်၊စနစ်တကျလက်ဆေးခြင်းနှင့်ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ရေးအကြောင်း ကျန်းမာရေးအသိ ပညာပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
သောက်သုံးရေဖြန့်ဝေပေးရာတွင် စစ်တွေမြို့နယ်၊ ကျေးတော cyclone shelter မှ အိမ်ထောင်စု(၁၇၅)စုအတွက် ရေလီတာ(၃,၅၀၀)၊ ရွှေပြည်သာကျေးရွာမှ အိမ်ထောင်စု (၂၀၀)စုအတွက် ရေလီတာ(၆,၀၀၀)၊ အစိုးရနည်းပညာ အထက်တန်းကျောင်းမှ အိမ်ထောင်စု(၁၂၅)စုအတွက် ရေလီတာ (၂,၅၀၀)၊ အုန်းတစ်ပင်ရပ်ကွက်မှ အိမ်ထောင်စု (၁၇၅)စု အတွက် ရေလီတာ (၃,၅၀၀)၊ နှင့် ပြည်နယ်ကြက်ခြေနီသိုလှောင်ရုံရှေ့ ရေပေးဝေရာနေရာတွင် အိမ်ထောင်စု(၁၈၁)စုအတွက် ရေလီတာ(၃၄,၅၀၀)ဖြင့် အိမ်ထောင်စုပေါင်း (၈၅၆)စုအတွက် စုစုပေါင်းရေလီတာ (၅၀,၀၀၀)ကို ဖြန့်ဝေပေးခဲ့ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အကူအညီလိုအပ်နေသည့် ယာယီခိုလှုံရာစခန်းများနှင့် ကျေးရွာများမှ ပြည်သူများ‌အတွက် စားနပ်ရိက္ခာများ၊ ရေနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမိုးအကာများ ထောက်ပံ့နိုင်ရေးနှင့် အရေးပေါ်ငွေသားထောက်ပံ့နိုင်ပေးနိုင်ရေးတို့ကိုလည်း ဆက်လက်ထောက်ပံ့ကူညီနိုင်ရန် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။