မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ မြန်မာ-ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအသင်းက အောက်ဆီဂျင်ဆလင်ဒါများလှူဒါန်း

  04/ Oct/ 2021

ရန်ကုန်၊ အောက်တိုဘာလ (၄) ရက်။
မြန်မာနိုင်ငံအတွင်း COVID-19 ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် မြန်မာထိုင်းစီးပွားရေးလုပ်ငန်းရှင်များအသင်း (Thai Business Association of Myanmar -TBAM) က မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ အောက်ဆီဂျင်ဆလင်ဒါ (၄၇) လီတာ အလုံးရေ (၃၀၀) လှူဒါန်းပွဲကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့က Virtual စနစ်ဖြင့်ပြုလုပ်ခဲ့ပါသည်။
လှူဒါန်းပွဲအခမ်းအနား အဖွင့်အမှာစကားကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E Mrs. Suphatra Sirmaitreephithak ၊ TBAM ဥက္ကဌ Mr. Sorasak Keeratichokechaikul နှင့် ထိုင်းနိုင်ငံကြက်ခြေနီအသင်း အထွေထွေအတွင်းရေးမှူး H.E. Mr. Tej Bunnag တို့မှ ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုးမှ လှူဒါန်းမှု အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများတက်ရောက် ခဲ့ကြပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ပါသည်။
လှူဒါန်းရရှိသည့် အောက်ဆီဂျင်ဆလင်ဒါများကို စက်တင်ဘာလ (၇) ရက်နေ့နှင့် စက်တင်ဘာလ (၁၈) ရက်နေ့တို့တွင် ရန်ကုန်တိုင်းဒေသကြီး ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ခရိုင်လေးခရိုင်အတွက် ဆလင်ဒါအလုံးရေ (၂၇၀) လုံးကိုလည်းကောင်း၊ လှိုင်သာယာ ပြည်သူ့ဆေးရုံကြီး အတွက် ဆလင်ဒါအလုံးရေ (၂၀) လုံးကိုလည်းကောင်း၊ အသင်း (ရန်ကုန်ရုံးခွဲ) တွင် ဆလင်ဒါအလုံးရေ (၁၀) လုံးတို့ကိုလည်းကောင်း လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
မြန်မာ-ထိုင်း စီးပွားရေးလုပ်ငန်းရှင်များအသင်းအနေဖြင့် အခမဲ့ အောက်ဆီဂျင်အရည်ပြန်လည် ဖြည့်တင်းခြင်းများ ကိုလည်း တစ်နေ့လျှင် ဆလင်ဒါ အလုံး (၆၀)နှုန်းဖြင့် (၅) လအထိ ဆောင်ရွက်ပေး သွား မည်ဖြစ်ပါသည်။