ရှမ်းပြည်နယ်(တောင်ပိုင်း)နေရပ်စွန့်ခွာပြည်သူများနှင့်ဒေသခံတိုင်းရင်းသားများအတွက် ကြက်ခြေနီစေတနာလုပ်အားရှင်များက လူမှုကရုဏာအကူအညီများ ပေးလျက်ရှိ

  16/ Mar/ 2022

ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ ရောက်ရှိနေသော နေရပ်စွန့်ခွာပြည်သူများနှင့် ဒေသခံတိုင်းရင်းသားများအတွက် ကြက်ခြေနီစေတနာလုပ်အားရှင်များက လူမှုကရုဏာအကူအညီများ ပေးလျက်ရှိပါတယ်။
ထိုသို့ဆောင်ရွက်ရာတွင်၂၀၂၂ခုနှစ်၊ မတ်လအတွင်းမှာ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာအုပ်စု၊ တန်စန့်ကျေး
ရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ စာအုပ်၊ ခဲတံ၊ နှာခေါင်းစည်း၊ လက်သန့်ဆေးရည်နှင့် ကျောင်းသုံး တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
ထို့အတူ ဆီဆိုင်မြို့နှင့် တောင်ကြီးမြို့အတွင်းရှိ နေရပ်စွန့်ခွာစခန်းများမှ ပြည်သူများ လိုအပ်ချက်များကို သွား
ရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အသုံးအဆောင်ပစ္စည်းများဖြစ်သည့် စောင်၊ ခြင်ထောင်၊ ဖျာ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ ဆိုလာမီးအိမ်၊ လက်သန့်ဆေးရည်၊ အောက်ခံအခင်းပြားများ နှင့်သောက်ရေသန့်များကို ထောက်ပံ့ပေးအပ်ခဲ့သည့်အပြင် အမှိုက်ကျင်း(၁)ခုကိုလည်း ဝိုင်းဝန်းပြုလုပ်ပေးခဲ့ပါတယ်။
ထိုသို့ထောက်ပံ့ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းတို့မှ ပံ့ပိုးသောပစ္စည်းများကို ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် အသင်းဌာနချုပ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။