ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မြို့နယ်များမှ နေရပ်စွန့်ခွာစခန်းများသို့ ရောက်ရှိလာကြတဲ့ ပြည်သူများကို ကြက်ခြေနီများက အကူအညီများ ပေးလျက်ရှိ

  26/ Mar/ 2022

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီအပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ မိတ်ဖက်အမျိုးသားကြက်ခြေနီအသင်းများနှင့် အလှူရှင်များ ပူးပေါင်းကာ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မြို့နယ်များမှ နေရပ်စွန့်ခွာစခန်းများသို့ ရောက်ရှိလာကြတဲ့ ပြည်သူများကို အကူအညီများ ပေးလျက်ရှိပါတယ်။

ယခုနှစ်မတ်လအတွင်းမှာ ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ နေရပ်စွန့်ခွာစခန်းများကပြည်သူများ လိုအပ်သည့် အသုံးအဆောင်ပစ္စည်များဖြစ်တဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ စောင်၊ ခြင်ထောင်၊ ဖျာ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ လက်သန့်ဆေးရည်များနဲ့ ပါးစပ်နှာခေါင်းစည်များကို သွားရောက်ပေးအပ်ကူညီခဲ့ပါတယ်။
ဆိုလာမီးအိမ်၊ ရေသန့်စင်ကိရိယာများကိုလည်း ပေးအပ်ခဲ့ကြပြီး အသုံးပြုပုံများကိုရှင်းလင်းပြသခဲ့ကြတဲ့အပြင် စိတ်ပိုင်း၊ လူမှုပိုင်းဆိုင်ရာ အားပေးမှုတွေကိုလည်း ပြုလုပ်ပေးခဲ့ကြပါတယ်။
ရွေ့လျားဆေးကုသခန်းများလည်း သွားရောက်ဖွင့်လှစ်ပေးပြီး ပဏာမကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိရာမှာ မတ်လ(၁)ရက်မှ မတ်လ(၂၅)ရက်နေ့အထိ တောင်ကြီး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ပင်လောင်းမြို့နယ်များရှိ နေရပ်စွန့်ခွာစခန်းများကပြည်သူ
(၂,၃၆၂)ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပါတယ်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ အသင်းဌာနချုပ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနနဲ့ ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။