၂၀၁၈ ခုနှစ်၊ နှစ်သစ်ကူးအချိန်အခါသမယတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူ၏ နှုတ်ခွန်းဆက်သဝဏ်လွှာ

  02/ Jan/ 2018

ချစ်ခင်လေးစားအပ်ပါတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များရှင် – ဒီနေ့ဟာဆိုရင်၂၀၁၈ ခုနစ်ရဲ့ နှစ်သစ်အခါသမယဖြစ်ပါတယ်။ အခုလို နှစ်သစ်ရဲ့ပထမဦးဆုံးနေ့မှာ မြန်မာနိုင်ငံတစ်ဝန်းရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များနဲ့ မိဘပြည်သူအပေါင်း ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကိုကူးပြောင်းတဲ့အချိန်မှာ နှစ်ဟောင်းမှာကြုံတွေ့ခဲ့ရတဲ့ ဘေးဒုက္ခအန္တရာယ်အပေါင်းမှ လွန်မြောက်ကင်းဝေးကာ ကောင်းကျိုးအဖြာဖြာနဲ့ ပြည့်ဝကြပါစေလို့လည်း ထပ်လောင်းဆန္ဒပြုအပ်ပါတယ်။ ကမ္ဘာပေါ်မှာ ရာသီဥတုပြောင်းလဲမှုတွေကြောင့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးဖြစ်ပွားလေ့ရှိသလို လူတွေကြောင့်ဖြစ်ပွားတဲ့ ဘေးဒုက္ခတွေကိုလည်း ကြုံတွေ့ခံစားနေကြရပါတယ်။ကျွန်မတို့ကြက်ခြေနီအနေနဲ့  ဘေးဒုက္ခကြောင့် ထိခိုက်ခံစားရသူမည်သူ့ကိုမဆို အစဉ်အမြဲကူညီအားပေးဖို့ အသင့်ပြင်ဆင်ထားတဲ့  စွမ်းအားအရင်းအမြစ်များနဲ့ နှစ်စဉ်လူဦးရေသန်းပေါင်းများစွာအတွက် လူမှုကရုဏာအကူအညီများ ပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ နိုင်ငံတစ်ဝန်း အကူအညီလိုအပ်သူများအတွက် ကိုယ်ကျိုးမဖက် လူသားချင်းစာနာထောက်ထားသောစိတ်ဓာတ်အရင်းခံဖြင့် နှစ်စဉ် လူဦးရေခြောက်သိန်းကျော်အတွက် လူမှုကရုဏာ အကူအညီများ ပေးလျက်ရှိကြောင်းကိုလည်း  အသိပေးပြောကြားလိုပါတယ်။ ကြက်ခြေနီဆိုတာ စေတနာ၊ ဝါသနာ အရင်းခံကာ အနစ်နာ၊ ကရုဏာ၊ စာနာစိတ်ဖြင့် ကြက်ခြေနီ အခြေခံမူများနဲ့အညီ အကျိုးရှိရှိ ဦးတည်ချက်မပျောက်ဘဲ ညီညွှတ်စွာဆောင်ရွက်ကြရမှာဖြစ်သလို နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ ကြက်ခြေနီအသင်းရဲ့ ဂုဏ်သိက္ခာ၊ မိမိတို့ တစ်ဦးချင်းရဲ့ ဂုဏ်သိက္ခာကိုပါ စောင့်သိထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။ ချစ်ခင်လေးစားအပ်ပါတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များရှင် – ယခုလို နှစ်သစ်ကူးအခါသမယမှာ ကြက်ခြေနီစေတနာလုပ်အားရှင်များအနေနဲ့ လူထုနှင့် အတူလက်တွဲပြီး ပိုမိုကျန်းမာကြံ့ခိုင်ကြစေသော လူမှုဘဝများကို တည်ဆောက်နိုင်ကြစေဖို့နဲ့ ငြိမ်းချမ်းသာယာတဲ့ လူမှုဘဝ ဝန်းကျင်မှာ နေထိုင်ရင်း ထပ်မံကြုံတွေ့လာနိုင်မည့် ဘေးဒုက္ခအန္တရာယ်အပေါင်းအတွက် ကြိုတင်ပြင်ဆင်တုံ့ပြန်နိုင်စွမ်းရှိဖို့ အတူတကွ ပူးပေါင်းဆောင်ရွက်စေလိုပါတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ ဦးတည်ချက်ဖြစ်သည့် ရပ်ရွာလူထုဘေးဒဏ် ကြံ့ကြံ့ခံနိုင်စွမ်းရည် ပိုမိုမြင့်မားစေရန်အတွက် မိမိတို့တတ်သိထားသော အတတ်ပညာ အသိပညာ၊ ဗဟုသုတများကို လူထုအတွက် မျှဝေပေးစေလိုပါတယ်။ ဒါ့အပြင် အမြဲမပြတ်ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာတွေကို စဉ်ဆက်မပြတ် လေ့လာသင်ယူကြဖို့နဲ့ တွေ့ကြုံခဲ့တဲ့ အခက်အခဲများ၊ သင်ခန်းစာများ၊ ရလာဒ်ကောင်းများအပေါ်မူတည်ပြီး လူမှုကရုဏာ လုပ်ငန်းတွေကို ပိုမိုကောင်းမွန်ထိရောက်စွာ ဆောင်ရွက်ဖို့အတွက်လည်း တိုက်တွန်းလိုပါတယ်။ နိုင်ငံတော်၏ လူမှုကရုဏာလုပ်ငန်းဆိုင်ရာ အခန်းကဏ္ဍတွေမှာ ပြည်သူနှင့် ကြက်ခြေနီ အတူလက်တွဲကာ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို ဘေးကင်းလုံခြုံစွာဖြင့် ပိုမိုဆောင်ရွက်နိုင်ကြပါစေကြောင်း မင်္ဂလာရှိလှတဲ့ နှစ်သစ်ကူး အချိန်အခါသမယ မှာ ဆန္ဒပြု ဆုမွန်ကောင်း တောင်းအပ်ပါတယ်။   ပါမောက္ခဒေါက်တာဒေါ်မြသူ ဥက္ကဌ မြန်မာနိုင်ငံကြက်ခြေနီအသင်း (၁-၁-၂၀၁၈)