၂၀၁၈ ခုနှစ် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးတွင် ကြက်ခြေနီမှ ပါဝင်ကူညီ

  22/ Jan/ 2018

၂၀၁၈ ခုနှစ် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးတွင် ကြက်ခြေနီမှ ပါဝင်ကူညီ
= = =
ရန်ကုန်၊ ဇန်နဝါရီ
၂၀၁၈ ခုနှစ် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၅ နာရီ မှ နေ့ခင်း ၁၂ နာရီအချိန်ထိ ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဒေါက်တာ ဒေါ်လှကြင်၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ စေတနာလုပ်အားရှင်များ စုစုပေါင်း အင်အား ၂၃၀ ဦးဖြင့် ကျန်းမာရေး စောင့်ရှောက်များ လိုက်ပါဆောင်ရွက်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲ ပြေးလမ်းတစ်လျှောက်ရှိ ၁၀ ကီလိုမီတာ ပြေးလမ်း၊ ၂၁ ကီလိုမီတာ ပြေးလမ်း၊ ၄၂ ကီလိုမီတာ ပြေးလမ်းနှင့် တာထွက်နေရာ၊ တာဖမ်းနေရာများတွင် ကြက်ခြေနီ စေတနာလုပ်အားရှင် များမှ ရှေးဦးပြုစုခြင်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ကြသည်။ ရှေးဦးပြုစုခြင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရေဝေစခန်း ၂၁ နေရာ နှင့် ကြားစခန်း ၂၂ နေရာတွင် ဆောင်ရွက်ခဲ့ပြီး ပြေးလမ်းတစ်လျှောက်ကို ကြက်ခြေနီလူနာတင်ယာဉ် ၄ စီးဖြင့် လိုက်ပါ စောင့်ရှောက် ခဲ့ကြသည်။

၂၀၁၈ ခုနှစ် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးတွင် ပြိုင်ပွဲဝင် အပြေးသမား ၉၀,၀၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ကြက်ခြေနီ စေတနာလုပ်အားရှင်များအနေဖြင့် ပြိုင်ပွဲ ပြီးဆုံးချိန်အထိ ရှေးဦးပြုစုခြင်း ကျန်းမာရေးစောင့်ရှောက်မှုကို တာဝန်ယူဆောင်ရွက်ကြကြောင်း သိရှိရသည်။

Credit; ဦးဇော်မိုးအောင်