သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရန်ပုံငွေမြှင့်တင်ရေး သစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှု- Green Bago 2026 Campaign ” အခမ်းအနားကျင်းပ

  31/ Jul/ 2026

ပဲခူး၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၃၀)ရက်။
 
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးကို အထောက်အကူပြုရန်သာမက လူမှုကရုဏာလုပ်ငန်းများ အတွက် ရန်ပုံငွေမြှင့်တင်ရေးနှင့် ရပ်ရွာလူထု၊ လူငယ်များနှင့် စေတနာလုပ်အားရှင်များ၏ ပူးပေါင်းပါဝင် မှုကို မြှင့်တင်ပေးမည့် အဓိပ္ပါယ်ပြည့်ဝသော လှုပ်ရှားမှုတစ်ရပ်အဖြစ် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ ဂျာမနီနိုင်ငံကြက်ခြေနီအသင်း၊ ဘယ်လ်ဂျီယံနိုင်ငံကြက်ခြေနီအသင်းတို့၏ မတည်ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ “စိမ်းလန်းဝန်းကျင် တို့မြှင့်တင် လူသားချင်း စာနာမှုဖြင့် စုပေါင်းပါဝင်” ဆောင်ပုဒ်ဖြင့် ကျင်းပသော “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရန်ပုံငွေမြှင့်တင်ရေး သစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှု- Green Bago 2026 Campaign”အခမ်း အနားကို ဇူလိုင်လ (၃၀)ရက်နေ့ နံနက်ပိုင်းက ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်(၄၀)၊ (၃)ဖာလုံအနီးရှိ သတ်မှတ်နေရာတွင် ကျင်းပခဲ့ပါသည်။
 
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဒေါက်တာထူးခြားအောင်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့် တို့က အမှာစကား ပြောကြားခဲ့ပြီး၊ “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရန်ပုံငွေမြှင့်တင်ရေး သစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှု”တွင် sponsorship အဖြစ်ပံ့ပိုးပါဝင်သော မိတ်ဖက်အမျိုးသား ကြက်ခြေနီအသင်းနှင့် မိတ်ဖက်ကုမ္ပဏီများ အား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ပါသည်။
 
ထို့နောက် ပျိုးပင်များကို လွှဲပြောင်းပေးအပ်ခဲ့ပြီး Green Bago 2026 Campaign အထိမ်းအမှတ်အဖြစ် ပျိုးပင် စုစုပေါင်း(၈၅၀)ပင် ကို စုပေါင်းစိုက်ပျိုးခဲ့ပါသည်။
အခမ်းအနားသို့ အသင်းဒုတိယဥက္ကဌ ဒေါက်တာဒေါ်တင်တင်လေးနှင့် အလုပ်အမှုဆောင်များ၊ ဒုတိယအထွေထွေအတွင်းရေးမှူး၊ လက်ထောက်အထွေထွေအတွင်းရေးမှူး၊ စီမံရေးရာဌာန ညွှန်ကြားရေးမှူး၊ အရင်းအမြစ်များ စုစည်းအသုံးချရေးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၊ မိတ်ဖက်အမျိုးသားကြက်ခြေနီအသင်းများမှ တာဝန်ရှိသူများ၊ အလှူရှင်များ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကှဌ နှင့်ကော်မတီဝင်များ၊ တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ သူနာပြုများ တက်ရောက်ခဲ့ပါသည်။