အသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့် Mental Health and Psychosocial support in Emergencies for Leadership Workshop ဖွင့်ပွဲ တက်ရောက်

  29/ Jun/ 2026

ရန်ကုန်၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ(၂၉)ရက်။
 
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းနှင့် ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် Mental Health and Psychosocial support in Emergencies for Leadership Workshop ဖွင့်ပွဲကို ရန်ကုန်မြို့၊ Park Royal Hotel တွင် ယနေ့ နံနက် (၉) နာရီက ပြုလုပ်ခဲ့ရာ အသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
 
အသင်းဥက္ကဌက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီမှုလုပ်ငန်းများကို ၂၀၂၁ ခုနှစ်မှ စတင်ပြီး ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်း၏ ပံ့ပိုးမှုဖြင့် စတင်ခဲ့ပါကြောင်း၊ စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရတဲ့သူများကို အားပေးကူညီမှုများ ဆောင်ရွက်နိုင်ဖို့အတွက် Road Map ၅ နှစ်တာကာလကို ရေးဆွဲခဲ့ပြီးဖြစ်ပါကြောင်း၊ ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းမှ ပညာရှင်များ၏ အကူအညီနဲ့ ဆင့်ပွားခဲ့တဲ့ ပညာရပ်တွေနဲ့ပဲ ယခုအခါမှာ စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာအားပေးကူညီမှုသင်တန်းများ၊ ကလေးပျော်စင်တာများကို အောင်မြင်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရေးပေါ်အခြေအနေများတွင် MHPSS လုပ်ငန်းများကိုဆောင်ရွက်ရာမှာ ပြည်နယ်/တိုင်းတစ်ခုချင်း၊ ဌာနတစ်ခုချင်း၊ လူတစ်ဦးချင်း ဆောင်ရွက်ရတဲ့ လုပ်ငန်းမဟုတ်ပဲ အသင်းအဆင့်ဆင့် အသီးသီးမှ ဝိုင်းဝန်းပြီး အတူတကွ အကောင်အထည်ဖော်ဆောင်ရွက်ကြရမည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ဒါကြောင့် ဒီနှစ်ရက်တာပြုလုပ်မည့် ဆွေးနွေးပွဲမှာ ပြည်နယ်/တိုင်းများ၊ ဌာနများမှ ဦးဆောင်တာဝန်ယူဆောင်ရွက်နေကြတဲ့သူများအနေနဲ့ ပညာရပ်ပိုင်းဆိုင်ရာ အသိပညာများ ပိုမိုလေ့လာနိုင်ဖို့ အချင်းချင်း ဆက်သွယ်ဆောင်ရွက်ပြီး စီမံကိန်း၊ စီမံချက်များ၊ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများမှာ ထည့်သွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးကြစေလိုပါကြောင်း၊ ဒီဆွေးနွေးပွဲက ရရှိလာမည့် အချက်အလက်တွေက လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်စဉ် တစ်လျောက်လုံး ပြန်လည်အသုံးချရမည့် အင်မတန်အသုံးဝင်တဲ့ နည်းစနစ်များဖြစ်တဲ့အတွက် လက်တွေ့တွင် ပြန်လည် အသုံးချစေလိုကြောင်း၊ အရေးကြီးဆုံး အချက်အနေနဲ့ စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာခံစားရသူတွေရဲ့ ဂုဏ်သိက္ခာ၊ အကာအကွယ်နှင့် လွတ်လပ်မှုကို အစဉ်လေးစားပြီး အသင်းအတွက် ထိရောက်အောင်မြင်တဲ့ MHPSS လုပ်ငန်းစဉ်များ ဆောင်ရွက်ရမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
 
ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း Programme Coordinator Dr. Sara Ellithy ၊ ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်း Country Manager Nuria Beneitez Rodriguez နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း Lead, Asia Pacific MHPSS Collaborative Dr. Eliza Cheung တို့က နှုတ်ခွန်ဆက်စကားပြောကြားခဲ့ပါသည်။
 
ထို့နောက် အသင်းဥက္ကဌမှ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း Lead, Asia Pacific MHPSS Collaborative နှင့် MHPSS Regional Coordinator (IFRC Asia Pacific Region) Mr. Prednison Morales တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ခဲ့ပါသည်။ ယင်းနောက် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးပြီး ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။
 
အခမ်းအနားသို့ အသင်းဥက္ကဌနှင့် အတူ အချိန်ပိုင်းအလုပ်အမှုဆောင်များဖြစ်ကြသည့် ပါမောက္ခဒေါက်တာ မာလာဝင်း၊ ဒေါက်တာစိုးလှိုင်နှင့် ဦးကျော်မိုးကြည်၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ ညွှန်ကြားရေးမှူးများနှင့် ဌာနမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ရန်ကုန်နှင့် မကွေးတိုင်းဒေသကြီးတို့မှ ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌများ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှ ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ နေပြည်တော်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့မှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းနှင့် ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ တက်ခဲ့ပါသည်။
 
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ (၂၉) မှ (၃၀) ရက်နေ့အထိ နှစ်ရက်တာပြုလုပ်မည်ဖြစ်ပြီး စုစုပေါင်း (၄၁) ဦး တက်ရောက်လျက်ရှိပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ခံစားရသည့်သူများကို စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီခြင်းကို ၂၀၀၅ ခုနှစ်မှ စတင်ပြီးဆောင်ရွက်လျက်ရှိပါသည်။ စီမံချက်အနေဖြင့် ၂၀၂၁ ခုနှစ် မှ စတင်ပြီး ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်း၏ ပံ့ပိုးမှုဖြင့် တိုးမြှင့် ဆောင်ရွက်လျက်ရှိပါသည်။