23/ Jan/ 2019

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူ UNHCRမှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဖြစ်သူ အား လက်ခံတွေ့ဆုံ 

=== နေပြည်တော်၊ ဇန်နဝါရီလ ၂၃ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူ နှင့် အဖွဲ့သည် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးမှ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသော မစ္စတာယိုဟန်းစဲလ်(စ်) Mr. Johan Cels ကို နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ် အစည်းအဝေးခန်းမတွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးတို့ ပူးပေါင်းဆောင်ရွက် လျက်ရှိသော မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသစီမံချက် (South East Project) မှ ဆောင်ရွက်ပေးနိုင်ခဲ့သည့် လုပ်ငန်းများနှင့် ရှေ့ဆက်ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများအကြောင်းကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသစီမံချက်ကို ၂၀၀၄ ခုနှစ် တကတည်းက စတင်ကာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနသာၤရီတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ထိုင်းနိုင်ငံ ဒုက္ခသည်လက်ခံရေးစခန်းများမှ ပြန်လည်ဝင်ရောက်လာသော အိမ်ထောင်စုများနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများကို ၎င်းတို့၏ မူလဒေသတွင် ပြန်လည်အခြေချနေထိုင်နိုင်ရန် အသက်မွေးဝမ်းကြောင်းဆိုင်ရာ နည်းပညာနှင့် ပစ္စည်းများ ပံ့ပိုးပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာ ပေးခြင်း၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျေးလက်ကျန်းမာရေးဌာနခွဲများနှင့် အခြေခံပညာရေးအတွက် အခြေခံပညာမူလတန်းကျောင်းများ ဆောက်လုပ်ပြုပြင်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်နောက်ပိုင်းမှစ၍ ကျန်းမာရေးအသိပညာပေး သင်တန်းများ၊ ကျေးရွာလူထုကို စွမ်းဆောင်ရည်မြှင့် သင်တန်းများပေးခြင်း၊ အသက်မွေးဝမ်းကြောင်း ဆိုင်ရာ အထောက်အပံ့များပေးခြင်း၊ ကြက်ခြေနီအကြောင်း သိကောင်းစရာများ ဆွေးနွေးခြင်းတို့ကို စီမံချက်အကောင်အထည် ဖော်ဆောင်ရွက်နေသည့် မြို့နယ်ရှိ ကြက်ခြေနီအသင်းခွဲများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ Credit:>>> ဒေါ်ဆွေဆွေစိုးနိုင်

Read More