23/ Jan/ 2019
===
နေပြည်တော်၊ ဇန်နဝါရီလ ၂၃
မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူ နှင့် အဖွဲ့သည် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးမှ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသော မစ္စတာယိုဟန်းစဲလ်(စ်) Mr. Johan Cels ကို နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ် အစည်းအဝေးခန်းမတွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးတို့ ပူးပေါင်းဆောင်ရွက် လျက်ရှိသော မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသစီမံချက် (South East Project) မှ ဆောင်ရွက်ပေးနိုင်ခဲ့သည့် လုပ်ငန်းများနှင့် ရှေ့ဆက်ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများအကြောင်းကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
18/ Jan/ 2019
= = = ရန်ကုန်၊ ဇန်နဝါရီ ၁၈ ကိုရီးယားနိုင်ငံကြက်ခြေနီအသင်းမှ Mr.Park Tae Hwanနှင့် Mr.Park Sa Hyunတို့ဦးဆောင်သော ကြက်ခြေနီလူငယ်များသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း (ရန်ကုန်ရုံးခွဲ)သို့ လာရောက်လေ့လာခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူနှင့် တာဝန်ရှိများမှ လက်ခံတွေ့ဆုံခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူ၊ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ၊ ဒုတိယ အထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ကိုရီးယားနိုင်ငံကြက်ခြေနီအသင်းမှ Mr.Park Tae Hwanနှင့် Mr.Park Sa Hyunတို့ဦးဆောင်သော ကြက်ခြေနီလူငယ် (၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူမှ ကိုရီးယားနိုင်ငံကြက်ခြေနီလူငယ်များကို ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း၊ ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံသည် အိမ်နီးနားချင်းနိုင်ငံမဟုတ်ပေမဲ့ အာရှတိုက်အတွင်းသာရှိကြသော နိုင်ငံများဖြစ်ကြောင်း၊ ကိုးရီးယားကြက်ခြေနီအသင်း၏ လူမှုကရုဏာလုပ်ငန်းများသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဆောင်ရွက်ချက်များ တူညီကြပါကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
02/ Jan/ 2019
ချစ်ခင်လေးစားအပ်ပါသော ကြက်ခြေနီစေတနာလုပ်အားရှင်မများ၊ ကြက်ခြေနီအသင်းဝင်များနဲ့ မိဘ ပြည်သူအပေါင်းတို့ ရှင် - ဒီနေ့ဟာ မင်္ဂလာရှိလှတဲ့ ၂၀၁၉ ခုနစ်ရဲ့ နှစ်သစ်ကူးအချိန် အခါသမယဖြစ်ပါတယ်။ အခုလို နှစ်သစ်ရဲ့ ပထမဦးဆုံးနေ့မှာ မြန်မာနိုင်ငံတစ်ဝန်းရှိ ကြက်ခြေနီစေတနာလုပ်အားရှင်မများ၊ ကြက်ခြေနီ အသင်းဝင်များနဲ့ မိဘပြည်သူအပေါင်း ကျက်သရေ မင်္ဂလာ အဖြာဖြာနဲ့ ပြည်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကမ္ဘာပေါ်မှာ နှစ်စဉ် ပြောင်းလဲနေတဲ့ ရာသီဥတုရဲ့ ရိုက်ခတ်မှုဒဏ်ကြောင့် သဘာ၀ ဘေးအန္တရာယ် အမျိုးမျိုးဖြစ်ပွားလေ့ရှိသလို လူတွေကြောင့်ဖြစ်ပွားတဲ့ ဘေးဒုက္ခတွေနဲ့ ကျန်းမာရေးပြဿနာ တွေကိုလည်း ကြုံတွေ့ခံစားနေကြရပါတယ်။ ကျွန်မတို့ ကြက်ခြေနီ အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ခံစားရသူ မည်သူ့ကိုမဆို ဆင်းရဲချမ်းသာမရွေး၊ နေရာဒေသမရွေး၊ အသားအရောင်ခွဲခြားမှု မရှိဘဲ ကြက်ခြေနီ စေတနာလုပ်အားရှင်များရဲ့ စွမ်းပကားဖြင့် နှစ်စဉ် ဘေးဒုက္ခခံစားရတဲ့ ပြည်သူလူထု သန်းပေါင်းများစွာကို လူမှုကရုဏာ အကူအညီများ ပေးလျက်ရှိပါတယ်။ ကြက်ခြေနီဆိုတာ မိမိတို့၏ ပင်ကိုယ် ကရုဏာစိတ်ဓါတ်ပေါ်မှာ အခြေခံပြီး စေတနာ၊ ဝါသနာကို အရင်းခံကာ လူမှုကရုဏာလုပ်ငန်းများကို ကြက်ခြေနီအခြေခံမူများနှင့်အညီ တက်ညီလက်ညီ အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံရဲ့ဂုဏ်သိက္ခာ၊ ကြက်ခြေနီ အသင်းရဲ့ ဂုဏ်သိက္ခာ၊ တစ်ဦးချင်းရဲ့ ဂုဏ်သိက္ခာကို စောင့်သိ လိုက်နာထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ ချစ်ခင်လေးစားအပ်ပါသော ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီအသင်းဝင်များနဲ့ မိဘပြည်သူ အပေါင်းတို့ ရှင် - ယခုလို နှစ်သစ်မင်္ဂလာအခါသမယမှာ ကြက်ခြေနီစေတနာ လုပ်အားရှင်များအနေနဲ့ အသင်းက ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ရပ်ရွာလူထု ဘေးဒဏ် ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားရေး အစီအစဉ်မှာ အားလုံး ပူးပေါင်းပြီး မိမိတို့ တတ်သိထား သော အတတ်ပညာ၊ အသိပညာ၊ ဗဟုသုတများကို မိဘပြည်သူများ အတွက် မျှေ၀ ပေးစေလိုပါတယ်။ သို့မှသာ မိဘပြည်သူများအနေနဲ့ ပိုမိုကျန်းမာကြံ့ခိုင်ပြီး ငြိမ်းချမ်း သာယာသော လူမှုဘဝများကို တည်ဆောက်နိုင်ကြပြီး ကြုံတွေ့ လာနိုင်တဲ့ ဘေးအန္တရာယ်တွေ အတွက် ကြိုတင်ပြင်ဆင် တုံ့ပြန်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ခေတ်နဲ့ အညီ ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာတွေကို စဉ်ဆက်မပြတ် လေ့လာသင်ယူကြဖို့နဲ့ အတွေ့ အကြုံပေါ်မှုတည်ပြီး ရရှိလာတဲ့ အခက်အခဲတွေ၊ သင်ခန်းစာတွေ၊ အောင်မြင်မှုတွေကို လေ့လာ ဆန်းစစ်ကာ လူမှုကရုဏာလုပ်ငန်းတွေမှာ ထိရောက်စွာ ဆောင်ရွက်ပေးကြဖို့ တိုက်တွန်း လိုပါတယ်။ နိဂုံးချုပ်အနေနဲ့ ပြည်သူနှင့် ကြက်ခြေနီ အတူလက်တွဲကာ လူမှုကရုဏာ ခရီးလမ်းကို မည်သို့သော စိန်ခေါ်မှု၊ မည်သို့သော ခက်ခဲမှု မျိုးကိုမဆို ကျောလွန်ပြီး အောင်မြင်စွာ ညီညီညွတ်ညွတ် ဆောင်ရွက်နိုင်ကြပါစေကြောင်း မင်္ဂလာရှိလှတဲ့ နှစ်သစ်ကူးအချိန်အခါသမယမှာ ဆန္ဒပြုဆုမွန်ကောင်းတောင်း အပ်ပါတယ်။ ပါမောက္ခဒေါက်တာဒေါ်မြသူ ဥက္ကဌ မြန်မာနိုင်ငံကြက်ခြေနီအသင်း (၁-၁-၂၀၁၉)
21/ Dec/ 2018
နေပြည်တော်၊ ဒီဇင်ဘာလ ၂၀
မြန်မာနိုင်ငံကြက်ခြေနီအသင်း ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့များတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း(ဌာနချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်လျှက်ရှိပါသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း အထွေထွေအတွင်းရေးမှူး၊ ကြက်ခြေနီတပ်ဖွဲ့မှူးချုပ် ဦးခင်မောင်လှ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးများနှင့် တာဝန်ရှိသူများ စုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း အထွေထွေအတွင်းရေးမှူး ကြက်ခြေနီတပ်ဖွဲ့မှူးချုပ် ဦးခင်မောင်လှမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ဒုတိယ ကြက်ခြေနီတပ်ဖွဲ့မှူးချုပ် ဦးဂဲနက်စ်မှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ စည်းမျဉ်းများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ကြက်ခြေနီဗဟိုဦးစီးမှူးချုပ် ဦးမျိုးမင်းနောင်မှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဝတ်စုံစည်းမျဉ်း ဖြည့်စွက် ရေးဆွဲခြင်း မူကြမ်းအား ဆွေးနွေးတင်ပြခဲ့ပါသည်။
ဆက်လက်ပြီး တက်ရောက်လာကြသော တိုင်းဒေသကြီးနှင့် ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးများနှင့် တာဝန်ရှိသူများမှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ရေးရာ ကိစွရပ်များကို ဆွေးနွေးဆောင်ရွက်လျက်ရှိပါသည်။
Credit; အောင်မြင့်စိုး
19/ Dec/ 2018
===
နေပြည်တော်၊ ဒီဇင်ဘာလ ၁၉
တရုတ်ပြည်သူ့ သမ္မတနိုင်ငံကြက်ခြေနီအသင်း၊ ယူနန်ကြက်ခြေနီ အသင်းခွဲမှ ဒုတိယဥက္ကဌ Mr. Zhang Chengwen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည့် ၂၀၁၈ ခုနှစ်၊ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းဌာနချုပ်သို့ လာရောက်လေ့လာခဲ့ကြပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာ ဒေါ်မြသူ၊ အချိန်ပြည့် အမှုဆောင် ဦးကင်ဘွိုင်းနှင့် ဒေါက်တာဒေါ်အမယာ မော်နိုင်၊ အထွေထွေအတွင်းရေးမှူးဦးခင်မောင်လှ၊ အချိန်ပိုင်း အမှုဆောင်ဦးဂဲနက်စ်၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာ ဒေါ်ညိုညိုဝင့်နှင့် တာဝန်ရှိသူများက လေ့လာရေးအဖွဲ့အား နွေးထွေးစွာ ကြိုဆိုခဲ့ကြပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ယူနန်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်တွင် လက်မှတ်ရေး ထိုးခဲ့ကာ ယူနန်ကြက်ခြေနီအသင်းခွဲမှ ဒုတိယဥက္ကဌ Mr. Zhang Chengwen က အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူက လက်ခံခဲ့ပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံကြက်ခြေနီ အသင်း သူနာတင်ယာဉ်လုပ်ငန်း မန်နေဂျာ ဒေါ်နီနီမိုးက သူနာတင်ယာဉ် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
Mr. Zhang Chengwen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အရေးပေါ်ရှေးဦးပြုစုခြင်းစခန်းနှင့် သူနာတင်ယာဉ် ဝန်ဆောင်မှု လုပ်ငန်းများ၊ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်နေမှုများကို လာရောက်လေ့လာ ခြင်းဖြစ်ပါသည်။
အဆိုပါခရီးစဉ်တွင် ယူနန်ကြက်ခြေနီအသင်းခွဲသည် ရန်ကုန်- မန္တလေးအမြန်လမ်းပေါ်ရှိ ၁၁၅ မိုင်၊ ၂၀၂ မိုင်နှင့် နေပြည်တော် ရုံးချုပ်တို့ရှိ သူနာတင်ယာဉ်လုပ်ငန်းချောမွေ့စွာ လည်ပတ်နိုင်ရန် လုပ်ငန်း အသုံးစရိတ်အဖြစ် တရုတ်ယွမ် ၅၅၀,၀၀၀ ကိုလည်း လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်မည့် လုပ်ငန်းများ တွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
Credit:>>> ဒေါ်ဆွေဆွေစိုးနိုင်
19/ Dec/ 2018
11/ Dec/ 2018
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်မှ ၈ ရက်နေ့ထိ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ် မသန်စွမ်းအားကစားလေ့ကျင့်ရေးစခန်း၌ ကျင်းပပြုလုပ်ခဲ့သည့် အကြိမ် ၃၀ မြောက် မသန်စွမ်းအားကစားပြိုင်ပွဲတွင် ဘားအံခြေတုလက်တုပြန်လည် သန်စွမ်းရေးဌာနမှ အားကစားသမား ၁၃ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။
အဆိုပါ အားကစားသမားများသည် ပြေးခုန်ပစ်၊ ဘီးတပ်ကုလားထိုင်စီး ဘက်စကတ်ဘော၊ ရေကူး၊ အပြေးနှင့် စားပွဲတင်တင်းနစ် စသည့်အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆပ် ၁၁ ဆု၊ ငွေတံဆိပ် ၄ ဆုနှင့် ကြေးတံဆိပ် ၅ ဆု၊ စုစုပေါင်း ဆုပေါင်း ၂၀ ဆွတ်ခူးရရှိခဲ့ကြခြင်းအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ များစွာ ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း ဖော်ပြအပ်ပါသည်။
16/ Oct/ 2018
= = = နေပြည်တော်၊ အောက်တိုဘာ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ (၇)ကြိမ်မြောက် မိတ်ဖက်အဖွဲ့အစည်းများ တွေ့ဆုံပွဲ အစည်းအဝေးကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ မှ ၁၇ ရက်နေ့ထိ နေပြည်တော်ရှိ M-Gallery Hotel ၌ ကျင်းပပြုလုပ်လျှက်ရှိပါသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းကဆောင်ရွက်လျက်ရှိသော လူမှုကရုဏာလုပ်ငန်းများတွင် အနီးကပ် ပူးပေါင်း ပါဝင်လျက်ရှိသော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (အိုင်စီအာစီ)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (ဖက်ဒရေးရှင်း)နှင့် မိတ်ဖက် အမျိုးသား ကြက်ခြေနီ/ လခြမ်းနီအသင်း ၁၅ သင်းမှ ကိုယ်စားလှယ်များ တက်ရောက်လျှက်ရှိပါသည်။
အဆိုပါ အစည်းအဝေးကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့သော ၆ ကြိမ်မြောက် မိတ်ဖက်ကြက်ခြေနီအသင်းများ အစည်းအဝေးတွင် ချမှတ်ခဲ့သော အကြံပြုချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ မိတ်ဖက်အမျိုးသားအသင်းများနှင့် သဘော တူညီထားသော မူဘောင်များကို ခြုံငုံသုံးသပ်ရန်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မိတ်ဖက်ဆောင်ရွက် နေသော အမျိုးသားအသင်းများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ကာ ကျင်းပခြင်း ဖြစ်ပါသည်။ ဆွေးနွေးပွဲတွင် အသင်း၏ မဟာဗျူဟာ ၂၀၂၀ နှင့်အညီ ဆောင်ရွက်နေမှုများအပေါ် လူမှုကရုဏာလုပ်ငန်းများတွင် မိတ်ဖက်အမျိုးသားအသင်းများအနေဖြင့် ပိုမိုပံ့ပိုးပေးနိုင်မည့် လုပ်ငန်းနယ်ပယ် များ ရှာဖွေ သတ်မှတ် သွားမည်ဖြစ်ပါသည်။
15/ Oct/ 2018
= = = နေပြည်တော်၊ အောက်တိုဘာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကျင်းပပြုလုပ်သည့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားရေး အစီအစဉ်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရေး (Red Cross Seminar on “Coalition for Resilience in Myanmar” ) ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် နေပြည်တော်ရှိ M-Gallery Hotel၊ Ayeyarwady Ballroom ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမော်ထွန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဂုဏ်ထူးဆောင် ဥက္ကဌ ပါမောက္ခ ဒေါက်တာသာလှရွှေ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူနှင့် အချိန်ပြည့် အချိန်ပိုင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုကောင်စီဝင်များ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC)၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ (ICRC)၊ မိတ်ဖက်အမျိုးသားကြက်ခြေနီအသင်းများမှ ကိုယ်စားလှယ်များ၊ သံတမန်များနှင့် ကိုယ်စားလှယ်တော်များ၊ UNနှင့် နိုင်ငံတကာအသင်းများမှ ကိုယ်စားလှယ်တော်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အဖွင့်မိန့်ခွန်း မြွက်ကြားခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ အမှာစကားပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူမှ လူမှုကရုဏာအကူအညီ လိုအပ်ချက်များနှင့် နိုင်ငံတစ်ဝန်း ဦးတည်ဆောင်ရွက်မှုများ၊ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းမြင့်တင်ရေးအတွက် ပိုမိုထိရောက်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ပြောကြား ဆွေးနွေး တင်ပြခဲ့ပါသည်။ ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီများအသင်း ဖက်ဒရေးရှင်းမှ under Secretary General Mr. Jagan Chapagain က ဘေးဒဏ် ကြံ့ကြံ့ခံနိုင်စွမ်းအတွက် ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်ရေး ဆွေးနွေးတင်ပြခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Mr. Stephan Pierre Sakalian က ပဋိပက္ခနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေခံမူများ အကြောင်း ကို ဆွေးနွေးခဲ့ကြပါသည်။ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းအတွက် ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်ရေးကို မြန်မာနိုင်ငံကြက်ခြေနီအသင်း ဂုဏ်ထူးဆောင် ဥက္ကဌ ပါမောက္ခဒေါက်တာသာလှရွှေမှ ဦးဆောင်၍ ဖိတ်ကြားထားသော အတတ်ပညာရှင် အသိပညာရှင်များက ပူးပေါင်းပါဝင် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော တာဝန်ရှိပုဂ္ဂိုလ်များမှ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်ရေးအတွက် လက်မှတ်ရေးထိုးခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။