ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နိုင်ငံအဆင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်၏ အရံအင်အားအဖြစ် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်နေပါသည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ဖြစ်ပွားမှုနောက်ပိုင်းမှစပြီး အနာဂတ် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်အမျိုးမျိုး၏ နောက်ဆက်တွဲ အကျိုးဆက်များကို လျော့ချရန်နှင့် အချိန်နှင့် တပြေးညီထိရောက်စွာ တုံ့ပြန်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ မိတ်ဖက်အမျိုးသားကြက်ခြေနီအသင်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် အခြားပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ၏ ရန်ပုံငွေများ၊ နည်းပညာ ပံ့ပိုးမှုများဖြင့် လူမှုကရုဏာလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ဘေးအန္တရာယ်တုံ့ပြန်ရေး၊ ဘေးအန္တရာယ်ကြောင့်ဆုံးရှုံးနိုင်ခြေလျော့ချရေးနှင့် ပြန်လည်ထူထောင်ရေး

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နိုင်ငံတစ်ဝန်းတွင် သိုလှောင်ရုံပေါင်း ၂၈ ခု တည်ဆောက်ထားပြီး ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးအတွက် ကယ်ဆယ်ရေးပစ္စည်း ၂၁,၅၀၀ ကိုအဆင်သင့်ထားရှိပြီး ဖြစ်ပါပြီး ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစွမ်းဆောင်ရည်အနေဖြင့် ၂၀၁၈ ခုနှစ် ဇွန်လအထိ ဒေသဆိုင်ရာ ဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ဝင် ၁၀ ဦး၊ အမျိုးသားအဆင့် ဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့ဝင် ၁၀၈ ဦးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဝင် ၁,၅၈၁ ဦးတို့အား စနစ်တကျ လေ့ကျင့် သင်ကြားပေးထားပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းတွင် အရေးပေါ်စီမံခန့်ခွဲမှုရန်ပုံငွေ ထားရှိထား ပြီးဖြစ်ကာ ရရှိလာသောအတိုးကို အသေးစားကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြု လျက်ရှိသည်။ ဘေးအန္တရာယ် လျော့ချရေးစီမံကိန်းများကို မြို့ပြ၊ ကျေးလက်နှင့် ကမ်းရိုးတန်းဒေသရှိ ဘေးအန္တရာယ်ကျရောက်လွယ်သူများအတွက် ဆောင်ရွက်လျက်ရှိသည်။ လတ်တလောတွင် မြန်မာ နိုင်ငံကြက်ခြေနီအသင်းသည် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဖြစ်သော အထူးစီမံချက် နှစ်ခုကို ရခိုင်ပြည်နယ်နှင့် ကချင် ပြည်နယ်တို့တွင် ဆောင်ရွက်လျက်ရှိသည်။ အသင်းသည် နှစ်စဉ် လူပေါင်းငါးသိန်းခန့်ကို အထောက်အပံ့ ပေးလျက်ရှိသည်။ ထို့ အပြင်တိုက်ပွဲရှောင်ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကိုလည်း အချိန်နှင့်အပြေးညီ ကူညီလျက်ရှိပါသည်။

အသင်းသည် နိုင်ငံတော်၏ ဘေးအန္တရာယ်စီမံခန့်ခွဲရေးသင်တန်းကျောင်းနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဖွင့်လှစ်သည့် သင်တန်းများတွင် နည်းပညာပိုင်းအထောက်အကူ (ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ရှေးဦးပြုစု ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်း စသည်သင်ခန်းစာ) တို့ ပံ့ပိုးပေးလျက်ရှိသည်။

မြန်မာနိုင်ငံကြက်ခြေနီ အသင်း သည် နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ အရေးပေါ်ကွပ်ကဲရေးစင်တာများ ဖွင့်လှစ်ထားပြီး နေပြည်တော်ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနှ ၏ အရေးပေါ်ကွပ်ကဲရေး စင်တာ နှင့် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနတို့နှင့်ချိတ်ဆက်ကာ ကြိုတင် သတိပေးရေးနှင့်စောလျင်စွာတုံ့ပြန်ရေးလုပ်ငန်းများအတွက် အနီးကပ်ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။

Wordpress Photo Gallery