20/ Dec/ 2020
မိုင်းယောင်းမြို့နယ်ကကြက်ခြေနီစေတနာလုပ်အားရှင်တွေက မိုင်းယောင်းမြို့လူစည်ကားရာနေရာတွေကနေ ဖြတ်သန်းသွားလာသူအချို့နဲ့ ဈေးတွေကို ဈေးဝယ်လာရောက်ကြသူတွေကို နှာခေါင်းစည်းတွေအခမဲ့ဖြန့်ဝေပေးတာတွေ ရောဂါကာကွယ်ရေးအသိပညာပေးတာတွေ ဆောင်ရွက်လျက်ရှိနေကြသလို ကိုဗစ်ရောဂါကြောင့် ဆေးရုံတွေမှာကုသမှုခံယူပြီး ပြန်လည်နေကောင်းကျန်းမာလာသူတွေကိုလည်း နေအိမ်များဆီသို့ အသီးသီးပို့ဆောင်ကူညီပေးလျက်ရှိနေကြပါတယ်။
19/ Dec/ 2020
၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ၁၉ရက်နေ့က ကချင်ပြည်နယ် မံစီမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးသိန်းကြည် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် မံစီမြို့နယ်အတွင်းရှိ ကျေးရွာများမှရပ်မိရပ်ဖများ၊ မိတ်ဖက်လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ဗန်းမော်မြို့နယ်မှ ညောင်ပင်သာကျောင်းတိုက်၊ မင်းစည်ဘုန်းတော်ကြီးကျောင်း၊ ရေရှင်ပရဟိတကျောင်း၊ ရောဘတ်မိဘမဲ့ဂေဟာ၊ AGဧဝံဂလိ ကလေးသူငယ်စောက်ရှောက်ရေးဂေဟာ၊ RC-စစ္စတာရ်သီလရှင်ကျောင်း၊ တံခွန်တိုင် စာသင်တိုက်များသို့ မြန်မာငွေကျပ် ၁၂သိန်းခန့်တန်ဖိုးရှိ ဆန်အိတ် ၁၂ပြည်ဝင်အိတ်(၇၀)၊ပိန်းဥ(၄)အိတ်၊ကျောက်ဖရုံသီး အလုံး(၁၀၀)၊ရွှေဖရုံသီး အလုံး(၁၂၀) တို့ကို သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ကြသည်။
19/ Dec/ 2020
၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက်နေ့က ရခိုင်ပြည်နယ်၊ မြောက်ဉီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဉီးမြင့်အေး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက မြောက်ဦးမြို့ရှိ တိုက်ပွဲရှောင်စခန်း၊ မြို့ပေါ်ရပ်ကွက်ရှိ လူအများဖြတ်သန်းသွားလာရာ နေရာများနှင့် မြို့အဝင်ဂိတ်များတွင် လက်သန့်စင်ဆေးရည်ဖြင့် အသုံးပြုစေခြင်း၊ နှာခေါင်းစည်းများအခမဲ့ပေးဝေခြင်း၊ ကိုဗစ်၁၉ရောဂါ နှင့် ပတ်သတ်သော ကျန်းမာရေးအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်းတို့ကို နေ့စဉ် ဆောင်ရွက်လျှက်ရှိကြသည်။
18/ Dec/ 2020
17/ Dec/ 2020
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဒုံသမိတံတားစစ်ဆေးရေးဂိတ်၌ ခရီးသည်များ၏ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးထားမှုများအား ပြန်လည်စာရင်းသွင်းပေးခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဘားအံမြို့နယ်မှ ကြက်ခြေနီတပ်ခွဲမှူး ဦးစောကျော်အဲခလိန်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၃ ဦးတို့က ဒုံသမိတံတားပိတ်ဆို့ရှာဖွေရေးအဖွဲ့နှင့် နေ့စဉ်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
17/ Dec/ 2020
ဒီဇင်ဘာလ ၁၇ ရက်နေ့က ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ဝင်ဂိတ်တွင် ခရီးသွားပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ဝေသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များကို အသိပေးနှိုးဆော်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ခရီသွားရာဇဝင်များစစ်ဆေးပေးခြင်း၊ ထောက်ခံစာများစစ်ဆေးပေးခြင်းနှင့် အမည်စာရင်းများမှတ်တမ်းသွင်းပေးခြင်းတို့ကို လှိုင်းဘွဲမြို့နယ်မှ ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းဇော်နှင့်ကြက်ခြေနီစေတနာလုပ်အားရှင် ၃ ဦးတို့က ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့် နေ့စဉ်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
16/ Dec/ 2020
ဒီဇင်ဘာလ ၁၆ရက်နေ့က စတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကိုဗစ်ကုသရေးစင်တာမှာ တစ်လတိတိ လုပ်အားပေးတာဝန်ထမ်းဆောင်ဖို့အတွက် ပဲခူးတိုင်းဒေသကြီးက ကြက်ခြေနီစေတနာလုပ်အားရှင် ၃၆ဦးတို့ရောက်ရှိနေခဲ့ကြပါပြီ။
အဆိုပါ ကြက်ခြေနီစေတနာလုပ်အားရှင်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်(၁၀၈၀၀၀ဝ)တို့ကိုလည်းကောင်း၊ တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ငွေကျပ်(၃၆၀၀၀ဝ)တို့ကိုလည်းကောင်း၊ သာယာဝတီခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့မှ ငွေကျပ်(၃၀၀၀၀၀) နှင့်Sport Shirtတို့ကိုလည်းကောင်း၊ ပဲခူးခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့မှ ငွေကျပ်(၂၀၀၀၀၀)တို့ကိုလည်းကောင်း၊ ဒိုက်ဦးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒု-မြို့နယ်တပ်ဖွဲ့မှူးဦးအေးချိုမိသားစုမှ ငွေကျပ်(၂၀၀၀၀၀)တို့ကိုလည်းကောင်း၊ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးကြက်ခြေနီသူနာပြုတပ်ဖွဲ့အုပ်ချုပ်ရေးအဖွဲ့၊ တိုင်းတပ်ဖွဲ့မှူး ဒေါက်တာနေမျိုးနှင့် တွဲဘက်အတွင်းရေးမှူးဦးသိန်းအောင်တို့က track suit၊ Scrub Suitနှင့်waist coatတို့ကိုလည်းကောင်း အသီးသီးဂုဏ်ပြုပေးအပ်ခဲ့ကြပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ကိုဗစ်ကုသရေးစင်တာမှာ ကိုဗစ်ရောဂါခံစားနေရတဲ့လူနာတွေကို ကူညီစောင့်ရှောက်ဖို့၊ အစားအသောက်နဲ့နေရာထိုင်ခင်းကူညီစီစဉ်ပေးဖို့နဲ့ ကျရာတာဝန်ကို လူမှုဝန်ထမ်းစိတ်အပြည့်နဲ့ ထမ်းဆောင်ဖို့ ပဲခူးတိုင်းဒေသကြီး မြို့နယ်အသီးသီးက ကြက်ခြေနီစေတနာလုပ်အားရှင် ၃၆ဦးတို့ဟာ ရန်ကုန်တိုင်းဒေသကြီးသို့ထွက်ခွာလာခဲ့ကြတာလည်း ဖြစ်ပါတယ်။
ကိုဗစ်၁၉ရောဂါကာကွယ်ရေးရေးအတွက်ရှေ့တန်းကအသင့်ရှိနေကြတဲ့ ကျွန်ုပ်တို့ရဲ့ကြက်ခြေနီစေတနာလုပ်အားရှင်တွေကို လက်ခုပ်တီးပြီး အားပေးဂုဏ်ပြုလိုက်ကြရအောင်။
15/ Dec/ 2020
ဒီဇင်ဘာလ ၁၅ ရက်နေ့က ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သစ်ဆိပ်ကုန်တင်ကားယာယီယာဉ်ရပ်နားစခန်းတွင် ယဉ်မောင်း၊ ယဉ်နောက်လိုက်နှင့် ခရီးသည် စုစုပေါင်း (၉၃) ဦးအား ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှုများပြုလုပ်ရာတွင် ကူးစက်မှုများမဖြစ်စေရန် အသုံးပြုပီးသော swab test များအား မီးရှို့ဖျက်ဆီခြင်းနှင့် သက်ဆိုင်ရာကျန်းမာရေးဌာနသို့ ပို့ဆောင်ပေးခြင်း၊ ထိုနေရာများအားပိုးသတ်ဆေးဖြန်းခြင်းတို့ကို ကြက်ခြေနီစေတနာလုပ်အားရှင်များက ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကူးဆက်ခံရသူ (၁)ဦးအား ကြက်ခြေနီအသင်းခွဲပိုင်ယာဉ်ဖြင့် လွိုင်ကော်ဆေးရုံကြီး ကိုဗစ်-၁၉ ရောဂါ အထူးကြပ်မတ်ဆောင်သို့ ပို့ဆောင်ပေးခဲ့ကြသည်။
15/ Dec/ 2020
ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် COVID-19ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ အစီအစဉ်ဖြင့် မြိုနယ်ကြက်ခြေနီ အသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၂)ဦးတို့သည် ကိုဗစ်ရောဂါကာကွယ်တားဆီးရေးအဖွဲ့နဲ့အတူ လှည်းဆိပ်ဈေးအတွင်း၊ ဈေးပြင်ပနှင့် အဝေးပြေးကားလမ်း တစ်လျှောက်တို့တွင် လက်များစနစ်တကျဆေးနိုင်ရန်ကူညီခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း၊ အသိပညာပေးခြင်းတို့ကို ဒီဇင်ဘာလ ၁၅ ရက်နေ့က ပူးပေါင်းကူညီ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။ ထို့အတူ ဟင်္သာတမြို့ ဝင်/ထွက်ဂိတ်များ၌ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင် ရေးမှတ်ခြင်းတွေကို ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မ.စ.က အဖွဲ့ဝင်များနဲ့အတူ ဟင်္သာတခရိုင်/မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြက်ခြေနီစေတနာလုပ်အားရှင် ၃ ဦး တို့က ပူးပေါင်း ကူညီဆောင်ရွက်နေကြပါတယ်။