|
RMS

  20/ Jan/ 2022

မရပ်မနားရှေ့ဆက်သွား ကြက်ခြေနီရဲ့စုပေါင်းအား

လတ်တလောဖြစ်ပွားနေတဲ့ ပဋိပက္ခအခြေအနေတွေကြားမှာ ကယားပြည်နယ်က ပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ လူမှုကရုဏာအကူအညီတွေ လိုအပ်လျှက်ရှိကြပါတယ်။
ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ ရပ်ရွာလူထုခံစားရတဲ့ ဘေးဒုက္ခတွေကို လျော့ပါးစေဖို့ ဆောင်ရွက်ကြရတဲ့အခါ တချိန်တည်းမှာပဲ ထိရောက်တဲ့ အကူအညီအထောက်အပံ့တွေဖြစ်ဖို့ ကြိုးပမ်းအားထုတ်ကြရပါတယ်။
ကယားပြည်နယ်က ကြက်ခြေနီစေတနာလုပ်အားရှင်တွေကတော့ ဇန်နဝါရီလဆန်းပိုင်းကတည်းက ကျေးရွာတွေမှာ ရွှေ့ပြောင်းဖို့လိုအပ်နေသူပြည်သူတွေကို တိုက်ပွဲရှောင်စခန်းတွေဆီ လုံခြုံစွာရောက်ရှိနိုင်ဖို့ စတင်ဆောင်ရွက်ခဲ့ကြပါတယ်။
ဇန်နဝါရီလအတွင်းမှာ ကယားပြည်နယ် ဘုရားဖြူ၊ ဒီမော့ဆို၊ ဒေါနိုးကူး၊ မင်းစု၊ ရေယို၊ နမ့်ကွတ်၊ ဒေါတမ၊ ဧက(၅၀၀)၊ နာနတ်တော၊ ရတနာမြေ တို့မှ တိုက်ပွဲရှောင်သူ (၁၀၆)ဦးကို ရှမ်းကယားနယ်စပ် ထီးစဲခါးဂိတ်သို့လည်းကောင်း၊ နမ့်ဘော်ဝမ်ရပ်ကွက်နှင့် ဒေါတမရပ်ကွက်တို့မှ တိုက်ပွဲရှောင်သူ (၁၈)ဦးအား မိုးဗြဲသို့လည်းကောင်း၊ စက်မှုဇုံ၊ ကျောက်တောင်၊ သတ္တပလူ၊ ဒေါဆော်ဘီး၊ မင်းစု တို့မှ တိုက်ပွဲရှောင်(၇၄)ဦးအား ရှမ်းကယားနယ်စပ် ထီးစဲခါးဂိတ်သို့လည်းကောင်း၊ ဟော်ကြီးကျောင်းနှင့် မင်းစု မှ တိုက်ပွဲရှောင်(၅၆)ဦးအား ရှမ်းကယားနယ်စပ် ထီးစဲခါးဂိတ်သို့လည်းကောင်း၊ ရွှေကျောင်းဘုန်းတော်ကြီးကျောင်း မှ ဆရာတော်သံဃာတော်များ နှင့် တိုက်ပွဲရှောင် မိဘပြည်သူများအား ဖယ်ခုံမြို့သို့လည်းကောင်း၊ ဆေးရုံကြီးမှ တိုက်ပွဲရှောင်ပြည်သူ (၁၉)ဦးတို့အား လွိုင်လင်နှင့်ဆင်ဖြူသို့လည်းကောင်း၊ သင်္ဂဟမှ ထီးစဲခါးသို့လည်းကောင်း၊ ထပ်မံ၍ တိုက်ပွဲရှောင်ပြည်သူ (၁၉)ဦးအား သီတဂူကျောင်း မှ မြို့ပြင်ဂိတ်သို့လည်းကောင်း၊ ထို့နောက် ဆေးရုံကြီးနှင့် မင်းစုမှ တိုက်ပွဲရှောင်ပြည်သူ (၁၈)ဦးအား လေဆိပ်သို့လည်းကောင်း၊ လောဓမနှင့် ဒေါမူကလားမှ တိုက်ပွဲရှောင်များအား ထီးစဲခါးဂိတ်သို့လည်းကောင်း၊ မိုင်းလုံးရပ်ကွက်၊ ရွာတန်းရှည်၊ထူဒူငံသ၊စိုက်ကွင်း(၃)၊ ပန်ကန်းနှင့် ဒေါဆန်းဘွန်းကျေးရွာများမှ ပြည်သူ (၅၅)ဦးအား ဘေးလွတ်ရာသို့လည်းကောင်း၊ ထပ်မံ၍ မိုင်းလုံးရပ်ကွက်၊ ရွာတန်းရှည်၊ထူဒူငံသ၊စိုက်ကွင်း(၃)၊ ပန်ကန်းနှင့် ဒေါဆန်းဘွန်းကျေးရွာများရှိ ပြည်သူ (၆၆)ဦးအား ဘေးလွတ်ရာသို့လည်းကောင်း၊ ရွှေလွိုင်ကော်(ကယား) ပရဟိတ အသင်းဖြင့်ပူးပေါင်း၍ ‌မိုင်းလုံးရပ်ကွက်မှ ပန်ကန်းကျေးရွာထိ ပြည်သူအချို့အား ဘေးလွတ်ရာသို့လည်းကောင်း၊ ထို့ပြင် ကျေးရွာအသီးသီးမှ ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန်လိုအပ်နေသည့် တိုက်ပွဲရှောင်ပြည်သူများ ဘေးလွတ်ရာနှင့် တိုက်ပွဲရှောင်စခန်းများသို့လည်းကောင်း အသီးသီးပို့ဆောင်ကူညီပေးခဲ့ကြပါတယ်။
အဲ့ဒီအပြင် တိုက်ပွဲရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့အစားအသောက်၊ ဆေးဝါး၊ နေရာထိုင်ခင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာအားပေးကူညီမှုတွေကိုလည်း သက်ဆိုင်ရာ တိုင်း၊ ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီတွေနဲ့ ချိတ်ဆက်ကာ ဆက်လက်ပံ့ပိုးကူညီပေးနေကြပါတယ်။

Read More

  18/ Jan/ 2022

အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့် ကြက်ခြေနီ အသင်း၏ စွမ်းဆောင်ရည်အကဲဖြတ်ဆန်းစစ်ခြင်းနှင့် အသိအမှတ်ပြုခြင်း ဆွေးနွေးပွဲဖွင့်ပွဲသို့တက်ရောက်

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ စွမ်းဆောင်ရည်အကဲဖြတ်ဆန်းစစ်ခြင်းနှင့် အသိအမှတ်ပြုခြင်း (Organizational Capacity Assessment & Certification) external assessment ဆွေးနွေးပွဲကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့ နံနကိပိုင်းက နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်၌ ပြုလုပ်ခဲ့ရာအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် online မှတက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲဖွင့်ပွဲတွင် အသင်း ဥက္ကဌ၊ ဒေါက်တာ မောင်မောင်မြင့်က အမှာစကားပြောကြားခဲ့ပြီးအပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း IFRC Myanmar Country Office မှ Head of Delegation Ms. Nadia KHOURY ကနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အသင်းဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင် ၊ အချိန်ပြည့်၊ အချိန်ပိုင်းအမှုဆောင်အဖွဲ့ဝင်များ၊ အထွေထွေအတွင်းရေးမှူး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ နှင့် လူငယ်ကြက်ခြေနီခေါင်းဆောင်များ၊ မိတ်ဖက်ကြက်ခြေနီနှင့် လခြမ်းနီအသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကို ဇန်နဝါရီလ(၁၈)ရက်နေ့မှ(၂၁)ရက်နေ့အထိ (၄)ရက်တာပြုလုပ်သွားမည်ဖြစ်ပါသည်။
အသင်း၏ စွမ်းဆောင်ရည်အကဲဖြတ်ဆန်းစစ်ခြင်းနှင့် အသိအမှတ်ပြုခြင်း (OCAC) ၏ အကဲဖြတ် ဆန်းစစ်ခြင်း လုပ်ငန်းစဉ်သည် အသင်းတခုလုံးနှင့် သက်ဆိုင်ပြီးကျယ်ပြန့်သော စွမ်းဆောင်ရည်များနှင့် ဆက်စပ်နေသည့် အမျိုးသား အသင်းတစ်သင်း၏ အားသာချက်၊ အားနည်းချက်များအား အမိအရ ဆုပ်ကိုင်နိုင်ရန် ရည်ရွယ်ကာ ဆွေးနွေးပွဲကိုပြုလုပ်ခြင်းဖြစ်ပါသည်။

Read More

  16/ Jan/ 2022

𝓣𝓻𝓪𝓾𝓶𝓪 𝓕𝓲𝓻𝓼𝓽 𝓐𝓲𝓭 ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း

𝓣𝓻𝓪𝓾𝓶𝓪 𝓕𝓲𝓻𝓼𝓽 𝓐𝓲𝓭 ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်းဆိုတာ ဘေးအန္တရာယ်အမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့အခါ ဒဏ်ရာရသူတွေထဲက ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့သူတွေကို အဓိက ဦးစားပေးရွေးချယ်ပြီး ရှေးဦးပြုစုပေးကာ ဆေးရုံဆေးခန်းတွေကို အချိန်မီပို့ဆောင်ပေးခြင်း ဖြစ်ပါတယ်။
ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်းကျွမ်းကျင်ဖို့အတွက်ဆိုရင် တစ်ချိန်တည်းမှာ မတူကွဲပြားတဲ့အခြေအနေအတွက် စီမံဆောင်ရွက်နိုင်တဲ့စွမ်းရည်တွေ လိုအပ်ပါတယ်။
(၁) အရေးပေါ်အခြေအနေမှာ ရင်ဆိုင်ကြုံတွေ့လာရနိုင်တဲ့ အထူးလိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားခြင်း
(၂) ပုံမှန်ဆောင်ရွက်နေတဲ့ ရှေးဦးပြုစုခြင်းအလေ့အထတွေမှာ ဘေးကင်းမှုနဲ့ လုံခြုံမှုဆိုင်ရာအချက်အလက်တွေ ပြင်ဆင်ဖြည့်စွက်ခြင်း
(၃) ကြိုတင်ပြင်ဆင်ခြင်း၊ ကာကွယ်တားဆီးခြင်းတွေဆောင်ရွက်နိုင်ရန် (သို့မဟုတ်) စီမံခန့်ခွဲမှုတွေ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်ချက်တွေ ဖြည့်ဆည်းခြင်း
(၄) ဒေသဆိုင်ရာ ယဉ်ကျေးမှု၊ ဘာသာရေးဆိုင်ရာ ယုံကြည်မှုတွေနဲ့ လူမှုရေးဆိုင်ရာဝိသေသလက္ခဏာတွေကို အလေးထားလေးစားမှုရှိခြင်း စတဲ့ အချက်အလက်တွေကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာနဲ့ ထည့်သွင်းစဉ်းစားပေးဖို့ အရေးကြီးပါတယ်။
ယခုအခါ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနမှ အရေးပေါ်အခြေအနေများမှာ သာမန်ဒဏ်ရာထက်ပိုတဲ့ ထိခိုက်ဒဏ်ရာရရှိမှုများကြုံတွေ့ရတဲ့အခါ ရှေးဦးပြုစုခြင်းလုပ်ငန်းတွေ ကျွမ်းကျင်စွာ စီမံဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်နဲ့ ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်းသင်တန်းတွေကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ပြည်နယ်၊တိုင်းဒေသကြီးများတွင် ပို့ချလျှက်ရှိပြီး ၂၀၂၁ခုနှစ် ဒီဇင်ဘာလအထိ နည်းပြပေါင်း(၂၆၂)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ထိုမှတစ်ဆင့် ဆင့်ပွားသင်တန်းများဆက်လက်ပြုလုပ်ခဲ့ပြီး သင်တန်းသား/သူ(၁၄၁၂)ဦးကို ထပ်မံ ပို့ချပေးနိုင်ခဲ့ပါတယ်။
𝓣𝓻𝓪𝓾𝓶𝓪 𝓕𝓲𝓻𝓼𝓽 𝓐𝓲𝓭 သင်တန်းတွေကို ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်းကျွမ်းကျင်သူတွေ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်သင်ကြားပေးနေတာဖြစ်ပြီး သင်တန်းများနှင့်ပတ်သက်ပြီး ပိုမိုသိရှိလိုပါက အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ မေးမြန်းဆက်သွယ်စုံစမ်းနိုင်ပါသည်။
09 509 3412 ဦးမြတ်မင်းနိုင် (ဒုတိယညွှန်ကြားရေးမှူး_ ရှေးဦးပြုစုခြင်းနှင့်အန္တရာယ်ကင်းရှင်းရေးဌာန)
09 400 788 902 ဦးထွန်းလွင်ဦး (စီမံကိန်းမန်နေဂျာ_ ရှေးဦးပြုစုခြင်းနှင့်အန္တရာယ်ကင်းရှင်းရေးဌာန)

Read More

  15/ Jan/ 2022

လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

ကြက်ခြေနီစေတနာလုပ်အားရှင်တွေက အခကြေးငွေတစ်စုံတစ်ရာမယူဘဲ လူမှုကရုဏာလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေကြသူတွေပါ။ သူတို့ဟာ လိုအပ်တဲ့အချိန်တွေမှာ အဆင်သင့်ရှိနေဖို့ အဆင့်ဆင့်လေ့ကျင့်သင်ကြားထားကြပြီး ကြိုတင်ဇာတ်တိုက်လေ့ကျင့်တာတွေလည်း ပြုလုပ်ထားကြရပါတယ်။ သူတို့ဟာ ကမ္ဘာအရပ်ရပ်က ကြက်ခြေနီတွေလိုက်နာကျင့်သုံးရတဲ့ အခြေခံမူ(၇)ချက်ကို လိုက်နာကျင့်သုံးရသလို ရပ်ရွာလူထုကို အချိန်နဲ့တပြေးညီအကူအညီတွေပေးနိုင်ဖို့ အချိန်တိုင်းအသင့်ရှိနေဖို့ ကြိုးပမ်းအားထုတ်ကြသူတွေလည်း ဖြစ်ပါတယ်။

Read More

  15/ Jan/ 2022

မန္တလေးတိုင်းဒေသကြီးမှ ကြက်ခြေနီများ နေရပ်စွန့်ခွါ ပြည်သူများအားကူညီ

၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့တွင်မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့သို့ရောက်ရှိလာကြသည့် နေရပ်စွန့်ခွါပြည်သူများအား တိုင်ဒေသကြီးအတွင်းရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များက တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ စောင်များ၊ ခြင်ထောင်များ၊ နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များစသည့် လူမှုကရုဏာ အကူအညီများ ပေးအပ်ခဲ့ပါသည်။

Read More

  13/ Jan/ 2022

နေရပ်စွန့်ခွာပြည်သူများအတွက် ကြက်ခြေနီက အစားအစာများနှင့် အသုံးအဆောင်များ ထောက်ပံ့ပေးအပ်ကာ COVID-19 ရောဂါ ကူညီစစ်ဆေးပေး

၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၁၃)ရက်နေ့က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ တိုက်ပွဲရှောင်စခန်းမှ နေရပ်စွန့်ခွာပြည်သူ (၈၅) ဦးတို့အား COVID-19 ရောဂါစစ်ဆေးပေးရာတွင် တောင်ကြီးမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်ခဲ့ပါသည်။
ထို့အပြင် နေရပ်စွန့်ခွာပြည်သူများအတွက် အစားအသောက်များ၊ အသင့်စားမုန့်များ နှင့် သောက်ရေသန့်များကိုလည်း သွားရောက်လှူဒါန်းပေးခဲ့ပါသည်။
ဇန်နဝါရီလ (၁၂)ရက်နေ့ကလည်း ဆီဆိုင်မြို့နယ်ရှိ တိုက်ပွဲရှောင်စခန်းများသို့ စောင်များ၊ ဆေးရည်စိမ်ခြင်ထောင်များ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများနှင့် အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများကို သွားရောက်လှူဒါန်းပေးခဲ့သည်။
အလားတူ ညောင်ရွှေမြို့နယ်ရှိ နေရပ်စွန့်ခွာပြည်သူများအား COVID-19 ရောဂါစစ်ဆေးပေးခြင်းကို ညောင်ရွှေမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဇန်နဝါရီလ (၁၁)ရက်နေ့တွင် ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

Read More

  13/ Jan/ 2022

ဘားအံမြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက အရေးပေါ်သွေးလှူဒါန်းခြင်းနှင့် သွေးလှူရှင် ရှာဖွေချိတ်ဆက်ပေးခြင်းများ ကူညီဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော လူနာတစ်ဦးသည် သွေး (၂) လုံး အရေးပေါ်လိုအပ်လျှက်ရှိရာ မြို့နယ်မှကြက်ခြေနီစေတနာလုပ်အားရှင် ဒေါ်မိထွန်းလဝန်းနွယ်မှ သွေးသန့် (၁)လုံးကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့က လှူဒါန်းပေးခဲ့ပါသည်။ ထို့အပြင် လိုအပ်နေသော သွေး (၁)လုံး ရရှိရန်အတွက်လည်း ကြက်ခြေနီစေတနာလုပ်အားရှင်များက သွေးလှူရှင်တစ်ဦးအား ရှာဖွေချိတ်ဆက်ပေးခဲ့ပါသည်။
ဇန်နဝါရီလ (၁၁) ရက်နေ့ကလည်း ဘားအံမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်လိုအပ်နေသော (A) သွေးတစ်လုံးနှင့် (O) သွေးတစ်လုံးရရှိရန်အတွက် မြို့နယ်မှကြက်ခြေနီစေတနာလုပ်အားရှင် ဦးစောအောင်ကိုမြတ်က သွေးလှူရှင် (၂) ဦးကို ရှာဖွေချိတ်ဆက်ပေးနိုင်ခဲ့ပါသည်။
ထို့အပြင် ဇန်နဝါရီလ (၁၀) ရက်နေ့က ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာတွင် ဆိုင်ကယ်မတော်တဆဖြစ်၍ ထိခိုက်ဒဏ်ရာရှိခဲ့သော အမျိုးသားတစ်ဦးအား ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှေးဦးပြုစုပေးကာ ဆက်လက်ဆေးကုသမှုခံယူရန်အတွက် မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။

Read More