|
RMS

ကြက်ခြေနီမှ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍အသိပညာပေးဟောပြောပွဲများကျင်းပ

  06/ Feb/ 2020

ဝမ်းတွင်း၊ ဖေဖော်ဝါရီလ ၆

မန္တလေးတိုင်းဒေသကြီး၊ မိထ္တီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့်လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ရက်နေ့ နံနက်(၉)နာရီက မြို့‌ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အခမ်းအနားကို မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဌနှင့် အမှုဆောင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး(ယာယီ)ဦးအောင်မိုးနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်(၁၁)ဦး၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမြသက်ဆွေနှင့်ကျန်းမာရေးဆရာမများ၊ ကျောင်းအုပ်ဆရာကြီးများနှင့် ဆရာ/ဆရာမများ၊ကျောင်းသား/သူများတက်ရောက်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ဝမ်းတွင်းမြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင်ဦးရဲထွဋ်ခိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးမှ လက်ဆေးခြင်းအကြောင်းသိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာမြသက်ဆွေမှနိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်နိုင်ရေးနှင့်ပတ်သက်သည့် ဆောင်ရွက်ရမည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါအဖွဲ့သည် ဆက်လက်၍ မြို့ပေါ်ရှိ အခြေခံပညာကျောင်းများဖြစ်သည့် (အ.ထ.က)သဲတော၊(အ.ထ.က)ဝမ်းတွင်း၊အမှတ်(၁)အ.ထ.က(ခွဲ)နှင့် အခြေခံပညာမူလတန်း/အလယ် တန်းကျောင်း(၇)ကျောင်း၊စုစုပေါင်း ကျောင်း(၁၀)ကျောင်းတွင် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။