|
RMS

ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အဖြစ် ကြက်ခြေနီရှေးဦးပြုစုခြင်းပြိုင်ပွဲနှင့် သဘာဝဘေးအန္တရာယ် သဏ္ဍာန်တူသရုပ်ပြပွဲများကျင်းပပြုလုပ်

  09/ May/ 2022

ဘားအံ၊ ၂၀၂၂ ခုနှစ်၊ မေလ (၉) ရက်။
၂၀၂၂ခုနှစ်၊ မေလ (၈) ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အဖြစ် ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကြက်ခြေနီရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲနှင့် သဘာဝဘေးအန္တရာယ်သဏ္ဍာန်တူသရုပ်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ခုနှစ်၊ မေလ (၆) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်နိုင်မှ ကြက်ခြေနီတပ်ဖွဲ့ဝင်များ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းကျင့်ဝတ်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ကြက်ခြေနီသစ္စာအဓိဌာန်များ ရွတ်ဆိုခဲ့ကြပါသည်။
ဖွင့်ပွဲသို့ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌဒေါ်မြင့်မြင့်သိန်း၊ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးမြင့်နိုင်၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင်များ၊ ဘားအံခြေတုလက်တုပြန်လည်သန်စွမ်းရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများနှင့် ပြိုင်ပွဲဝင်ကြက်ခြေနီစေတနာလုပ်အားရှင်များ စုစုပေါင်း (၁၂၃) ဦးတက်ရောက်ခဲ့ပါသည်။