|
RMS

ကျိုင်းလပ်မြို့နယ် ကြက်ခြေနီအသင်းခွဲငယ်ရုံးမြေနေရာလှူဒါန်းခြင်းနှင့် အသင်းအဆိုပြုလွှာပေးအပ် 

  25/ Feb/ 2019

= = =
ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၂၅
မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျိုင်းလပ်မြို့နယ် ကြက်ခြေနီအသင်းခွဲငယ်ရုံးနေရာအတွက် မြေကွက် ( ပေ ၄၀ x ၈၀) လှူဒါန်းခြင်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ဖူလိုင်ဟိုတယ်၌ ကျင်းပသော မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ပူးပေါင်းဖွင့်လှစ်သည့် ကြက်ခြေနီအသိပညာပေးအလုပ်ရုံဆွေးနွေးပွဲတွင် ပေးအပ် လှူဒါန်းခဲ့ပါသည်။

အခမ်းအနားတွင် တာချီလိတ်မြို့နယ် ကျိုင်းလပ်မြို့ကြက်ခြေနီတပ်ခွဲမှူး ဦးသန်းစိန်မှ ကျိုင်းလပ်မြို့ကြက်ခြေနီအသင်းခွဲငယ်ရုံးဖွင့်လှစ်နိုင်ရန်အတွက် မြေနေရာလှူဒါန်းခဲ့ရာ အသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူမှ အသင်းကိုယ်စားလက်ခံခဲ့ပါသည်။ ဆက်လက်ပြီး အခမ်းအနားအစီအစဉ်အရ ကြက်ခြေနီအသင်းဝင်အဆိုပြုလွှာများအား ကျိုင်းတုံမြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးစိုင်းလုံဆုမှ အသင်း ဥက္ကဌထံလွှဲပြောင်း ပေးအပ်ခဲ့ပါသည်။

အသင်းခွဲငယ်ရုံးဆောက်လုပ်ပြီးစီးပါက ဒေသဖွံ့ဖြိုးရေးအပြင် လူမှုကရုဏာလုပ်ငန်းများဖြစ်သည့် ကျန်းမာရေး မြှင့်တင်ခြင်း၊ ရာသီဥတု ပြောင်းလဲခြင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲခြင်း၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေး၊ စေတနာ သွေးသန့်သွေးလှူရှင်လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး၊ လူငယ်များပါဝင်ရေး၊ မြို့နယ်အသင်းခွဲများနှင့် စေတနာ လုပ်အားရှင်များဖွံဖြိုးတိုးတက်ရေး၊ မိတ်ဖက်ပူးပေါင်း ဆောင်ရွက်ရေးနှင့်အသက်မွေးဝမ်းကြောင်းဆိုင်ရာ လုပ်ငန်းများမှတဆင့် ရပ်ရွာလူထုကို ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားစေရန်စသည့်တို့ကို ပိုမို ဆောင်ရွက်နိုင်စေမည် ဖြစ်ပါသည်။

Credit; ဒေါ်တိုးတိုးအေး