|
RMS

ဆင်ဖြူကျွန်းတွင် ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ထိခိုက်ခံစားရသောအိမ်ထောင်စုများအား ကြက်ခြေနီက ထောက်ပံ့ကူညီ

  16/ May/ 2023

ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီး မြို့နယ်အချို့တွင် ထိခိုက်ခံစားရမှုများရှိခဲ့ပါသည်။ မကွေးတိုင်းတွင် စလင်းချောင်းရေကြီးရေလျှံမှုဖြစ်ပွားကာ ဆင်ဖြူကျွန်းမြို့နှင့် အနီးတဝိုက်ရှိကျေးရွာများ ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့ရပါသည်။
လတ်တလောတွင် မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်းမြို့ရှိ ရပ်ကွက်(၃)ခုတွင် ထိခိုက်ခံစားရသောအိမ်ထောင်စုများမှ အကူအညီအရေးပေါ်လိုအပ်သော အိမ်ထောင်စု(၈၇)စုအား အရေးပေါ်ကယ်ဆယ်ရေးသုံးပစ္စည်းများဖြစ်သည့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(တစ်လစာ)၊ မိသားစုသုံးပစ္စည်း၊ အိမ်ဆောက်အထောက်အကူပြုပစ္စည်း၊ ရေပုံးတို့ကို မေလ (၁၆) ရက်နေ့က သွားရောက် ထောက်ပံ့ကူညီမှုများပြုလုပ်ခဲ့ကြသည်။
ဆက်လက်ပြီး ထိခိုက်ခံစားရသောအိမ်ထောင်စုများအား အထိရောက်ဆုံးသောအကူအညီများပေးအပ်နိုင်ရန်ကြိုးစားဆာင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေကြီးခြင်း၊ မီးလောင်ခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းကျရောက်ခြင်း၊ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းများ၊ ပဋိပက္ခများ၊ တိုက်ပွဲများနှင့် အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာခဲ့ရသူများနှင့် ထိခိုက်ခံစားရသူများအား ခွဲခြားခြင်းမရှိ လူသားချင်း စာနာ ထောက်ထားသည့် စိတ်ဓါတ်ဖြင့် ကြက်ခြေနီအခြေခံမူ(၇)ချက်နှင့်အညီ ကူညီ ထောက်ပံ့ ပေးလျှက်ရှိပါသည်။