|
RMS

ဇူလိုင်လအတွင်းဖြစ်ပေါ်လျက်ရှိသော ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ခံစားရသူများအား ကြက်ခြေနီမှ လူမှုကရုဏာအကူအညီများပေးအပ်လျက်ရှိ 

  29/ Jul/ 2018

= = =
ရန်ကုန်၊ဇူလိုင်လ

၂၀၁၈-ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း တစ်နိုင်ငံလုံးအနှံ့ အထူးသဖြင့် မွန်၊ ကရင်၊ ပဲခူး၊ တနင်္သာရီနှင့် နေပြည်တော်တို့တွင် မိုးများ ရွာသွန်းပြီး မြစ်ရေများ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ခဲ့ကာ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများနှင့် မြစ်၊ ချောင်းများတွင် ရုတ်တရက် ရေကြီးမှုတို့ဖြစ်ပေါ်ခဲ့ပါသည်။

* မွန်ပြည်နယ်တွင် ရေး၊ သထုံ၊ ဘီးလင်းနှင့် ပေါင်မြို့နယ်များတွင် လေဆင်နှာမောင်း တိုက်ခတ်ခြင်း၊ ရေကြီး/ရေလျှံမှုဖြစ်ခြင်းတို့ကြောင့် ထိခိုက်ခံစားရသူများအား သက်ဆိုင်ရာမြို့နယ် အသီးသီးမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များက ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။ ပေါင်မြို့နယ်တွင် လေဆင်နှာမောင်း တိုက်ခတ်မှု ကြောင့် အိမ်အချို့ပြိုကျကာ အမိုးအကာများပျက်စီးခဲ့သည့်အတွက် ကယ်ဆယ်ရေး ပစ္စည်းများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထုတ်ပေးခဲ့ပါသည်။ ဘီးလင်းတွင် ရေဘေးကူညီကယ်ဆယ်ရေး စခန်း (၃၅)ခုဖွင့်လှစ်ထားရှိပြီး ဇူလိုင်လ ၂၈ရက် တွင် တကိုယ်ရေကျန်းမာရေးသုံးပစ္စည်း(Hygiene Parcel)(၃၀၀)၊ အမျိုးသမီးများအတွက် Dignity kit (၃၀၀) နှင့် Life Jacket (၁၀) ထည် အပါအဝင် ကြက်ခြေနီစေတနာလုပ်အားရှင် များအတွက် ကယ်ဆယ်ရေးသုံးပစ္စည်းများနှင့် မိုးကာ၊ ဖိုက်ဘာဦးထုပ် အလံ များလည်းကြိုတင်ပြင်ဆင်ထားရှိပါသည်။

* တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ရငဲကျေးရွာအုပ်စု ကုန်းသာယာအင်းကျေးရွာတွင်ရေကြီးမှုကြောင့် အိမ်ထောင်စုပြောင်းရွှေ့ရာသို့ဒေသခံကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် ရေဖြူမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ ပါဝင်ကူညီခဲ့ကြသည်။

* နေပြည်တော် လယ်ဝေးမြို့နယ် အတွင်းရှိ ရပ်ကွက်များတွင် ရေများစတင်ဝင်နေပြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ စာရင်းကောက်ယူခြင်းများ ပြုလုပ်လျက်ရှိပါသည်၊ ချောင်းနားရှိ အိမ်အချို့ ရေစီးကြောင့် မျောပါပျက်စီးကြောင်း စာရင်းရရှိပါသဖြင့် Kitchen set, Tarpaulin, Shelter tool kit များထောက်ပံ့ရန်စီစဉ်ထားရှိပါသည်။

* ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်များတွင် ရေကြီးရေလျံမှုများကြောင့် ထိခိုက်ခံစားရသူများအား နေပြည်တော်ကြက်ခြေနီသိုလှောင်ရုံ မှ Hygiene Parcel (၃၀၀) အားပေးအပ်ခဲ့ပါသည်။ ထောက်ပံ့ ပစ္စည်းများပေးအပ်ပွဲကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြတ်အေး နှင့် တာဝန်ရှိသူများတက်ရောက်ပြီး၊ ပြည်ထောင်စုဝန်ကြီးမှ ကြက်ခြေနီများစေတနာလုပ်အားရှင်များအား ရင်းနှီးစွာအားပေးနှုတ်ဆက်ပြီးလိုအပ်သည့် အကူအညီတောင်းနိုင်ရန်ပြောကြားခဲ့ပါသည်။

* ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ ဖာပွန်မြို့နယ်များတို့တွင်ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အနိမ့်ပိုင်းဒေသများတွင်နေထိုင်လျက်ရှိသောအိမ်ထောင်စုများသည် ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့လျက်ရှိရာအဆိုပါမြို့နယ်များသို့ ကယ်ဆယ်ရေးပစ္စည်းများပေးပိုရှိပါသည်။

* ရေဘေးကယ်ဆယ်ရေး တာဝန်ထမ်းဆောင်လျက်ရှိသော ကြက်ခြေနီစေတနာ့လုပ်အားရှင်များအသုံးပြုနိုင်ရန်အတွက် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးသုံးပစ္စည်းများအားထောက်ပံ့ပေးနိုင်ရန်အတွက်လည်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှစီစဉ်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ကရင်ပြည်နယ် တို့မှ မြို့နယ် ပေါင်း (၁၁)မြို့နယ် ရှိ ရေဘေးကြောင့်ထိခိုက်ခံစားနေရသော ရပ်ရွာပြည်သူလူထုများအား ကြက်ခြေနီစေတနာလုပ်အားရှင် (၁၇၀) ကျော်ဖြင့် လူမှုကရုဏာအကူအညီများကိုကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။