|
RMS

သင်္ဃန်းကျွန်းမြို့နယ်တွင် ကြက်ခြေနီက ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းများ ပို့ချလျက်ရှိ

  18/ Apr/ 2022

သင်္ဃန်းကျွန်း၊ ဧပြီ (၁၈)ရက် ။
        ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီညွှန်ကြားမှုဖြင့် မြို့နယ်ကြက်ခြေနီအသင်းခွဲက ဦးဆောင်၍ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းများကို ဧပြီလအတွင်း ပို့ချပေးလျက်ရှိပါသည်။ သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ကို သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ ဘုရင့်နောင်လမ်းသွယ်(၁)ရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင်ပြုလုပ်ခဲ့ပြီး သင်တန်းအမှတ်စဉ် ၂/၂၀၂၂ နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြပါသည်။
        သင်တန်းတွင် ကြက်ခြေနီလှုပ်ရှားမှုနှင့် အခြေခံမူများ၊ ရှေးဦးပြုစုခြင်းသဘောတရားနှင့်တာဝန်များ၊ လူနာဆန်းစစ်ခြင်းနှင့် ဦးစားပေးလူနာရွေးချယ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ ဒဏ်ရာနှင့်သွေးယိုစီးခြင်း၊ အရိုးကျိုးခြင်း/အဆစ်လွှဲခြင်း/ကြွက်သားများထိခိုက်ခြင်း၊ သွေးဆုတ်သွေးလန့်/သတိလစ်ခြင်း/မေ့မောခြင်း၊ အပူလောင်ခြင်း၊ အဆိပ်မိခြင်း၊ သတ္တဝါများတုတ်ခြင်း/ကိုက်ခြင်း၊ အခြေခံအသက်အထောက်အကူပြုနည်း၊ ဆို့နင်ခြင်း၊ လူနာကိုင်တွယ်နည်းနှင့်သယ်ဆောင်နည်းများ၊ ပတ်တီးစည်းနည်းများ စသည့် ဘာသာရပ်များကို ပို့ချပေးခဲ့ကြပါသည်။
        ဧပြီလအတွင်းပြုလုပ်ခဲ့သော အဆိုပါ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းများတွင် သင်တန်းသား/သူ (၄၀)ဦးကို ပို့ချပေးနိုင်ခဲ့ပါသည်။ ဆက်လက်ပြီး ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း (Trauma First Aid)သင်တန်းများကိုလည်း ပို့ချပေးသွားမည်ဖြစ်ပါသည်။