|
RMS

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ နေရာအနှံ့ ကြက်ခြေနီဆောင်ရွက်

  19/ May/ 2022

သွေးလွန်တုပ်ကွေးရောဂါ ဆိုတာဟာ ခြင်ကနေတဆင့် ကူးစက်ခံရတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အပူပိုင်းဇုန်နဲ့ သမပိုင်းဇုန်ဒေသတွေမှာ အဖြစ်များတဲ့ရောဂါတစ်မျိုးပါ။ သွေးလွန်တုပ်ကွေးရောဂါ မှာလည်း “Break-Bone”Fever လို့ခေါ်တဲ့ အပျော့စား သွေးလွန်တုပ်ကွေးရောဂါ နဲ့ Dengue Hemorrhagic Fever လို့ခေါ်တဲ့ အပြင်းစား သွေးလွန်တုပ်ကွေးရောဂါ ဆိုပြီး နှစ်မျိုးရှိပါတယ်။
သွေးလွန်တုပ်ကွေး ခံစားနေရသူအများစု အထူးသဖြင့်တော့ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေမှာ ရောဂါသိပ်မပြင်းထန်ဘူးဆိုရင် ရောဂါလက္ခဏာတွေက သိသိသာသာမတွေ့ရတတ်ပါဘူး။ ခြင်ကိုက်ခံရပြီးပြီးချင်းမှာလည်း ရောဂါလက္ခဏာတွေမပြတတ်ပါဘူး။ ရောဂါပိုးသယ်ဆောင်ထားတဲ့ ခြင်ကိုက်ခံရပြီး (၄)ရက်နေ့ကနေ (၇)ရက်အတွင်းမှာမှ ရောဂါလက္ခဏာစပြီးပြတတ်တာဖြစ်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို လုပ်‌ဆောင်ထားခြင်းဟာ ပိုမိုကောင်းမွန်ထိရောက်တဲ့ နည်းလမ်းဖြစ်တဲ့အတွက် ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ ယခုလိုအချိန်အခါမျိုးမှာ သွေးလွန်တုပ်ကွေး ကာကွယ်ရေးလုပ်ငန်းများကို ကြိုတင်လုပ်ဆောင်လျက်ရှိပါတယ်။
မေလ(၁၈)ရက်နေ့က မွန်ပြည်နယ်၊ ကျိုက်မရောမြိုု့နယ်မှာ ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ရန်မျိုးအောင်ရပ်ကွက်(၆)မှ နေအိမ်များရှိ ရေတွင်း၊ ရေကန်၊ ရေစည်များအား ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းများကို ဆောင်ရွက်လျက်ရှိပါတယ်။
မေလ(၁၇)ရက်နေ့က နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက် အတွင်း ဇေယျာသီရိမြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက အဘိတ်ဆေးခပ်ခြင်းအား ဆောင်ရွက်ခဲ့ကြပါတယ်။
မေလ(၁၅)ရက်နေ့ကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများကို မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက လူမှုရေးအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
မေလ(၇)ရက်၊(၉)ရက်နဲ့ (၁၄)ရက်နေ့များမှာ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်အတွင်း လမ်းများ၊ ကျောင်းများ၊ ရပ်ကွက်များမှာ အမှိုက်များသိမ်းဆည်းခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ (ဖုံး၊သွန်၊လဲ၊စစ်)များဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများကို မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောင်ရွက်ခဲ့ကြပါတယ်။