|
RMS

အပြုအမူကောင်းများ ပြောင်းလဲခြင်းဆိုင်ရာ လူငယ်ကိုယ်စားလှယ်များနှင့် ဘောလုံးအခြေပြု လူငယ်ဖွံ့ ဖြိုးတိုးတက်ရေး သင်တန်းဆင်းပွဲသို့ အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့် တက်ရောက်

  14/ Nov/ 2021

နေပြည်တော်၊ နိုဝင်ဘာလ(၁၄)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း ၊ အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းနှင့် Generation Amazing တို့ ပူးပေါင်း ဆောင်ရွက်သော အပြုအမူကောင်းများ ပြောင်းလဲခြင်းဆိုင်ရာ လူငယ်ကိုယ်စားလှယ်များနှင့် ဘောလုံးအခြေပြု လူငယ်ဖွံ့ ဖြိုးတိုးတက်ရေး သင်တန်းဆင်းပွဲကို ယနေ့ နိုဝင်ဘာလ(၁၄)ရက်နေ့ ညနေပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ Jade City Hotel တွင် ပြုလုပ်ခဲ့ရာ အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့် နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးအောင်ချို တို့က အမှာစကားများပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းဆင်းလက်မှတ်များနှင့် ထူးချွန်ဆုရရှိသူများအား ဆုများကိုပေးအပ် ချီးမြှင့်ခဲ့ကြပါသည်။
အခမ်းအနားသို့ အသင်းဥက္ကဌနှင့်အတူ အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန ညွန်ကြားရေးမှူး ဒေါက်တာဒေါ်လင်းလင်းသက်၊ စီမံရေးရာဌာန ဌာနမှူး ဦးမြင့်ထွန်းဟန်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒေါ်ဖြူဖြူမြင့်၊ အတွင်းရေးမှူး ဦးစိုးလင်းဦး၊ ဥတ္တရခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူး၊ နည်းပြဆရာ/ဆရာမများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါသင်တန်းကို လေ့ကျင့်ပေးထားသော လူငယ်နည်းပြဆရာ/ဆရာမ(၅)ဦးက ဆင့်ပွားသင်တန်းအဖြစ် ပုပ္ပသီရိမြို့နယ် ဘောလုံးအားကစားကွင်းတွင် သင်တန်းကာလ(၈)ရက် ကြာပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား/သူ (၄၄)ဦး တက်ရောက်ခဲ့ပါသည်။
“Uniting Through the Power of YABC and Football in Myanmar” စီမံချက်မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ်တို့တွင် စီမံချက်လုပ်ငန်းအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။