|
RMS

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဌ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများသို့ သွားရောက် လေ့လာလျက်ရှိ

  27/ Jun/ 2018

= = =
ရခိုင်၊ ဇွန်

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဌ Peter Maurer သည် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီများ တိုးမြှင့်လုပ်ဆောင်ရန် အကူအညီများလိုအပ်နေသည့် ရပ်ရွာလူထု အသိုင်းအဝိုင်းအားလုံးနှင့်အတူ ထိတွေ့ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများသို့ သွားရောက် လေ့လာလျက်ရှိပါသည်။

၂၀၁၈ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ICRC ဥက္ကဌ Peter Maurer သည် ဘူးသီးတောင်မြို့နယ် ငကျဉ်တောက်ကျေးရွာအုပ်စုရှိ ကြက်ခြေနီလှုပ်ရှားမှု ရွေ့လျားဆေးပေးခန်းတွင် လာရောက်ဆေးကုသမှုခံယူနေသော လူနာ (၇၀) ဦးထဲမှ လူနာအချို့နှင့်အတူ တွေ့ဆုံစကားပြောခဲ့ပါသည်။
ထိုသို့ တွေ့ဆုံစကားပြောစဉ် မိခင်တယောက်မှ Mr Maurer အား”ကျွန်မသမီးက ချောင်းတအားဆိုးနေလို့ လာပြတာပါ . . . ဒီရွေ့လျားဆေးပေးခန်းက ရွာကိုရောက်လာလို့ ဝမ်းသာတယ်” လို့ ပြောကြားခဲ့ပါသည်။

ကြက်ခြေနီလှုပ်ရှားမှု (MRCS, ICRC, IFRC) အနေဖြင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများ အချိန်မှီထိရောက်စွာ ပေးနိုင်ရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုများကို ကျေးရွာများအရောက် သွားရောက်ပြီး စမ်းသပ်စစ်ဆေး ဆေးကုသမှုများ ပြုလုပ်ပေးလျက် ရှိသည်။ ရွေ့လျားဆေးပေး ခန်းများသည် ကျန်းမာရေးစောင့်ရှောက်မှုရဖို့ မလွယ်ကူသည့် ဝေးလံခေါင်းပါးဒေသများတွင် မရှိမဖြစ်လိုအပ်လျှက်ရှိပါသည်။

Mr Maurer သည် ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ကြက်ခြေနီဝန်ထမ်းတွေနှင့် တွေ့ဆုံမှာဖြစ်သလို၊ အစားအစာပေးဝေခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် နေရာများတွင်လည်း သွားရောက်ကြည့်ရှုလေ့လာမှာ ဖြစ်တယ်လို့ သတင်းရရှိပါသည်။

Credit; ICRC