|
RMS

(၈၁) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေး ကျင်းပ 

  29/ Jan/ 2019

===
နေပြည်တော်၊ ဇန်နဝါရီ ၂၉

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နှင့် (၃၀) ရက်နေ့ တွင် နေပြည်တော်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဌာနချုပ်ရှိ စုဝေးခန်းမ၌ (၈၁) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေးကို ကျင်းပပြုလုပ်လျက်ရှိသည်။

အဆိုပါ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးကိုကိုနိုင်၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ ဂုဏ်ထူးဆောင်ဥက္ကဌ ပါမောက္ခဒေါက်တာဦးသာလှရွှေ၊ ဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူနှင့် အချိန်ပြည့်/ အချိန်ပိုင်းအမှုဆောင်အဖွဲ့ဝင်များ၊ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မိတ်ဖက်အမျိုးသားအသင်းများမှ မြန်မာဌာနေ ကိုယ်စားလှယ်များ၊ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဌနှင့်တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီဝင် ဦးအေးမြင့်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယ အထွေထွေ အတွင်းရေးမှူးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ကြက်ခြေနီဗဟိုကောင်စီဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ ခရိုင်တပ်ဖွဲ့မှူးများ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် ကျန်မာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးမြင့်ထွေးက “ ယခုနှစ်သည် ၁၃ ကြိမ်မြောက် မြန်မာနိုင်ငံကြက်ခြေနီညီလာခံကို ကျင်းပမည့် နှစ်တစ်နှစ်ဖြစ်သဖြင့် အသင်းအတွက် ထူးခြားသော နှစ်ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ယှဉ်ပြီး ဆောင်ရွက်နေသည့် အသင်းဖြစ်သည့်အတွက် အသင်းအတွင်းနှင့် အသင်းပြင်ပ ဆက်သွယ် ဆောင်ရွက်မှုများကို စည်းစနစ်ကျကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ထိခိုက်ခံစားရသူများထံ ထိရောက်တဲ့ ကူညီထောက်ပံ့မှုတွေပေးနိုင်မှာ ဖြစ်သကဲ့သို့ အသင်း၏ လုပ်ဆောင်ချက်များကို အများပြည်သူက ယုံကြည်လက်ခံလာပြီး အသင်းပုံရိပ် လည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ညီလာခံရွေးချယ်တင်မြောက်ရေးကိစ္စရပ်များအတွက် ဆွေးနွေးတိုင်ပင်ရာတွင် အသင်းနှင့် ရည်ရွယ်ချက်တူညီသော မိတ်ဖက်လူမှုအဖွဲ့အစည်းများ အဆင့်တိုင်းတွင် ပူးပေါင်းပါဝင်လာစေရန်၊ အသင်း၏ပုံရိပ်ကို ထိခိုက်နိုင်သော အသုံးချခံရမှုတွေမဖြစ်အောင် ကြိုတင်လေ့လာစီစစ်စေလို ကြောင်း၊ ဗဟိုကောင်စီဝင်များ အနေနဲ့ မိမိတို့စိတ်ဆန္ဒအရ ကြက်ခြေနီအသင်းမှာ ပါဝင်လာကြသူများ ဖြစ်သည့်အတွက် အသင်းကောင်းကျိုးအတွက် တတ်စွမ်းသမျှဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးကြ စေလိုကြောင်း” တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်း တင်ပြခဲ့ကာ အချိန်ပြည့် အလုပ်အမှုဆောင်အဖွဲ့ဝင် အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ၊ အချိန်ပိုင်းအလုပ် အမှုဆောင် ကော်မတီဝင်၊ ဗဟိုဦးစီးမှူးချုပ် ဦးမျိုးမင်းနောင်နှင့် ဗဟိုကောင်စီဝင် ဦးဘုန်းကျော်တို့အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးမြင့်ထွေးက ဗဟိုကောင်စီဝင် (၁၀) နှစ်ပြည့် ဂုဏ်ထူးဆောင် ဆုတံဆိပ်နှင့် ဂုဏ်ပြုလွှာများ အသီးသီးချီးမြှင့်ခဲ့ပါသည်။ ထို့နောက် အလှူရှင်များ ဖြစ်သည့် Coca Cola Company မှ တာဝန်ရှိသူ ဦးဇေယျာချစ် နှင့် ဦးတင်မောင် (စန္ဒီဘယဆေး)တို့အား မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ လှူဒါန်းမှုများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်ပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကာ ဖွင့်ပွဲ အခမ်းအနား ကို နံနက် (၁၀း၀၀)နာရီတွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

ဆက်လက်ပြီး နံနက်(၁၀း၃၀)နာရီတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူမှ သဘာပတိအဖြစ် အဖွင့်အမှာစကားပြောကြားခဲ့ကာ ပထမနေ့ အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူက (၈၀) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးမှု အခြေအနေများကိုလည်းကောင်း၊ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှက (၈၁) မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေးသို့ တင်သွင်းသည့် အမှုဆောင်အဖွဲ့အစီရင်ခံစာကို လည်းကောင်း၊ အချိန်ပြည့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာဒေါ်အမယာမော်နိုင်က အသင်း ၏ ၂၀၁၈ ခုနှစ်၊ ဒုတိယနှစ်ဝက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ၂၀၁၉ ခုနှစ်အတွက် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ အချိန်ပြည့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကင်ဘွိုင်းက ဘဏ္ဍာရေးအစီရင်ခံစာနှင့် စာရင်းစစ်အဖွဲ့၏ အစီရင်ခံစာကိုလည်းကောင်း၊ ဥပဒေအကြံပေးဒေါ်ခင်စိုးထိုက်က နည်းဥပဒေပါ ပြင်ဆင်ထားချက်များကိုလည်းကောင်း၊ အချိန်ပိုင်း အမှုဆောင်အဖွဲ့ဝင်၊ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးဂဲနက်စ်က ရွေးချယ် တင်မြောက်ရေးစည်းမျဉ်း ပြင်ဆင်ချက်များနှင့် လုပ်ငန်းစဉ်အသေးစိတ်ကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။ အစည်းအဝေး ပထမနေ့တွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ကြက်ခြေနီကြီးကြပ်မှု ကေ်ာမတီဝင်များက တိုင်းဒေသကြီး/ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အကြောင်း ရှင်းလင်းတင်ပြကာ အမှုဆောင်အဖွဲ့မှ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေး ဒုတိယနေ့တွင် ၁၃ ကြိမ်မြောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ညီလာခံ ကျင်းပရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးသွားကြမည် ဖြစ်သည်။

Credit:>>> ဒေါ်ဆွေဆွေစိုးနိုင်
Photo Credit:>>> ဦးအောင်မြင့်စိုး၊ ဦးသန့်ဇော်ချို