|
RMS

၂ဝ၂၀ ပြည့်နှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့် ပေးပို့သည့် သဝဏ်လွာ

  08/ May/ 2020

ယနေ့ မေလ(၈)ရက်နေ့ဟာ ကမ္ဘာနိုင်ငံအသီးသီးမှ လှုပ်ရှားဆောင်ရွက်နေကြတဲ့ ကြက်ခြေနီ လခြမ်းနီ အသင်းပေါင်း(၁၉၂)သင်းရဲ့ အထင်ကရ နေ့ထူးနေ့မြတ် တစ်ရက် ဖြစ်တဲ့ ကမ္ဘာ့ကြက်ခြေနီနေ့ပဲဖြစ်ပါတယ်။ အထူးသဖြင့် ဒီကနေ့ဟာ တစ်ကမ္ဘာလုံးက ကြက်ခြေနီ လူမှုကရုဏာကွန်ယက်အတွင်း လှုပ်ရှားဆောင်ရွက်နေကြတဲ့ ကြက်ခြေနီ စေတနာလုပ်အားရှင်များ အားလုံးအတွက် အစဉ်သတိရ အမှတ်ရနေမဲ့ နေ့ရက်လည်း ဖြစ်ပါတယ်။

ဒီလို အချိန်အခါ သမယမှာ မြန်မာနိုင်ငံတစ်ဝန်းက ကြက်ခြေနီအသင်းဝင်များ၊ တပ်ဖွဲ့ ဝင်များ၊ စေတနာလုပ်အားရှင်များ၊ ကြက်ခြေနီရဲ့ ဆောင်ရွက်ချက်တွေကို တဖက် တလမ်းက လူအင်အား၊ ငွေအင်အား၊ နည်းပညာတို့ဖြင့် ဝိုင်းဝန်းကူညီပေးကြတဲ့ အလှုရှင်၊ စေတနာရှင်များ အပါအဝင် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူအားလုံး ကျန်းမာ ချမ်းသာ ရောဂါကင်းကွာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

ဒီနှစ်ကတော့ အားလုံးသိကြတဲ့အတိုင်း မကြုံစဖူး ကမ္ဘာ့ကပ်ရောဂါ COVID 19 ကို ရင်ဆိုင် တိုက်ခိုက်နေကြရတဲ့ အချိန်ဖြစ်တဲ့အတွက် ကမ္ဘာသူ ကမ္ဘာသား အားလုံး ကြောက်မက်ဖွယ် အိမ်မက်ဆိုးကြီးကို တွန်းလှန်နေရတဲ့ အချိန်အခါလဲ ဖြစ်နေပါ တယ်။ ဒီလိုအချိန်မှာ ကမ္ဘာတစ်ဝန်းက မိတ်ဖက်ကြက်ခြေနီအသင်းတွေအားလုံးလည်း မိမိတို့နိုင်ငံအတွက် ကြက်ခြေနီရဲ့လူမှုကရုဏာ အကူအညီတွေကိုအကောင်းဆုံးဆောင် ရွက်ပေးနေကြတာကို လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာတွေ့မြင်နေရပါတယ်။

အလားတူ မြန်မာနိုင်ငံမှာလည်း ရာသီဥတုပြောင်းလဲမှုရဲ့ ရိုက်ခတ်တဲ့ ဒဏ်တွေ၊ ပဋိပက္ခနှင့် တိုက်ပွဲများကြောင့် နေရပ်စွန်ခွာခဲ့ကြရတာတွေကို ပြည်သူအများ ထိခိုက် ခံစားနေကြရပြီး ဒီလိုအတိဒုက္ခတွေနဲ့ ကြုံတွေ့တိုင်းမှာ ကျွန်တော်တို့ရဲ့ ကြက်ခြေနီ အသင်းဝင်တွေ၊ တပ်ဖွဲ့ဝင်တွေ၊ စေတနာလုပ်အားရှင်တွေ အနေနဲ့ မိမိတို့ဒေသ အသီး သီးမှာ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေး နေကြတဲ့ မြင်ကွင်းတွေဟာဆိုရင် အသင်း ကို ဦးဆောင်နေတဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အလွန်ပဲ ကျေနပ်အားရ ဂုဏ်ယူ မိပါတယ်။

နှစ်စဥ် ဒီနေ့ ဒီအချိန်မှာ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံအလိုက် လှုပ်ရှားမှုကို အသွင်အမျိုးမျိုးနဲ့ ကျင်းပပြုလုပ်လေ့ရှိကြသော်လည်း ဒီနှစ်မှာတော့ လူစုလူဝေး မပြုလုပ်နိုင်တဲ့အခြေအနေမှာ အားလုံး ဂရုပြု အလေးထားလိုက်နာဆောင် ရွက်ကြရမှာဖြစ်တဲ့အတွက် မိမိတို့ဒေသအလိုက် အထိမ်းအမှတ်ပြုလုပ်ကြမည်ဆိုပါက သတ်မှတ်ထားတဲ့ စည်းကမ်းချက်များနဲ့အညီ လူဦးရေ အနည်းဆုံးနဲ့ အကျဉ်းချုံးသာ လုပ်ဆောင်ကြဖို့ အထူးမှာကြားလိုပါတယ်။ အများအကျိုး ဆောင်ရွက်ပေးနေကြသော ကြက်ခြေနီများ ဖြစ်ကြတဲ့အတွက် အခြားသူများထက် ပိုမို စည်းကမ်းလိုက်နာပေးကြ ဖို့ အနူးအညွတ် ပြောကြားလိုပါတယ်။

ယခု ၂ဝ၂၀ ပြည့်နှစ်အတွက် ရွေးချယ်ထားတဲ့ ကမ္ဘာ့ကြက်ခြေနီနေ့ ဆောင်ပုဒ်ကတော့ ‘Keep Clapping’ မြန်မာလိုဆိုရင် ‘လက်ခုပ်တီးလို့ ဆက်လက်အားပေး ဂုဏ်ပြု ကြပါစို့’ ဖြစ်ပါတယ်။ ဒီဆောင်ပုဒ်ရဲ့ ရည်ရွယ်ချက်ကတော့ ယနေ့ကမ္ဘာပေါ်မှာ ရင်ဆိုင် ကြုံတွေ့နေရတဲ့ COVID 19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်မှုတွေ ဆောင် ရွက်နေချိန်မှာ ကျွန်တော်တို့အားလုံးအတွက် ရှေ့တန်းကနေ တာဝန်ယူဆောင်ရွက် ပေးနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကူညီပေးနေကြတဲ့ စေတနာလုပ်အားရှင် တွေ အားလုံးကို အားပေးဂုဏ်ပြုလိုတဲ့အတွက် ဒီဆောင်ပုဒ်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ် ပါတယ်။ လက်ရှိမှာလည်း နိုင်ငံတိုင်းလိုမှာ အား‌ပေးဂုဏ်ပြု လက်ခုပ်တီးပေးနေကြ တာကို နေ့စဉ် သတင်းတွေမှာ မြင်တွေ့ ကြားသိ နေရပါတယ်။

ယခုလို ကပ်ရောဂါဆိုးကြီးကို ရှေ့တန်းက တိုက်ပွဲဝင်နေကြသူ တစ်ဦးတစ်ယောက် စီ တိုင်းမှာလည်း ခက်ခဲတဲ့အချိန်တွေ ဖြစ်သလို အများအကျိုးအတွက် ကိုယ်ကျိုးမငဲ့ ဆောင်ရွက်ပေးနေသူများ ဖြစ်ကြတဲ့အတွက် ကျွန်တော်တို့အားလုံးက ထိုသူများကို ရည်ညွှန်းပြီး ယနေ့ မေလ(၈)ရက်နေ့ ကမ္ဘာ့ကြက်ခြေနီနေ့မှာ တညီတညွတ်တည်း ပြိုင်တူ ကျယ်လောင်စွာ လက်ခုပ်တီးအားပေးကြဖို့ နှိုးဆော်ချင်ပါတယ်။

COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “တစ်ဦးနှင့် တစ်ဦး နွေး ထွေးမှုပေးကာ စေတနာဖြင့် တတ်နိုင်သည့်ဘက်မှ ဆောင်ရွက်ပေးကြစေလိုကြောင်း ဒီလိုဆောင်ရွက်ကြမည်ဆိုပါက လူသားအရင်းအမြစ်မှ အစပြု၍ ရုပ်ပိုင်းဆိုင်ရာ အရင်း အမြစ်အဆုံး အားနည်းသည့် ကာလဖြစ်နေပါစေ အဆိုပါအရာ အားလုံးကို ကျော်လွှား နိုင်မည်ဟုယုံကြည်ပါကြောင်း” တို့ကို COVID 19 အတည်ပြုလူနာနှင့် ရောဂါကူးစက် ခြင်းမှ ပြန်လည်ကောင်းမွန်စပြုလာကြသူများနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည့် နေ့က ပြောကြားခဲ့သည့်အတိုင်း ကျွန်တော်တို့ရဲ့ ကြက်ခြေနီ အသင်းဝင်၊ တပ်ဖွဲ့ဝင်၊ စေတနာ လုပ်အားရှင်များ အနေနဲ့လည်း COVID 19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံတော်ရဲ့ လူမှုကရုဏာ အခန်းကဏ္ဍတစ်ရပ်အဖြစ် ကြိုးစား လုပ်ဆောင်ပေးကြဖို့ မှာကြားလိုပါတယ်။

ကြက်ခြေနီတိုင်းဟာ စေတနာ၊ ဝါသနာကို အရင်းခံကာ လူသားချင်း စာနာတဲ့စိတ်၊ ကရုဏာ မေတ္တာစိတ် အရင်းခံဖြင့် ကြက်ခြေနီအခြေခံမူများအတိုင်း  စည်းကမ်းရှိရှိ ညီညီညွတ်ညွတ် ဆောင်ရွက်ကြရမှာ ဖြစ်သလို အသင်းပုံရိပ်နဲ့ ဂုဏ်သိက္ခာကို ထိခိုက် စေမည့် မှားယွင်းသော သတင်းအချက်အလက်တွေ တွေ့ရှိပါကလည်း မှန်ကန်တဲ့ သတင်းအချက်အလက်များကို ယဥ်ကျေးစွာ ပြန်လည်ဖြန့်ဝေပေးကြဖို့ အထူး လိုအပ် ပါတယ်။ ဒါမှသာ ကြက်ခြေနီ၏ လူမှုကရုဏာဆောင်ရွက်မှုတွေအပေါ် အများပြည်သူ က ပိုမိုယုံကြည် လက်ခံလာမှာ ဖြစ်ပါတယ်။

ယခုလို မင်္ဂလာရှိလှတဲ့ ကမ္ဘာ့ကြက်ခြေနီနေ့ အခါသမယမှာ ကြက်ခြေနီအသင်းဝင်၊ တပ်ဖွဲ့ဝင်၊ စေတနာလုပ်အားရှင်များအားလုံး COVID 19 ရောဂါ ကပ်ဘေးမှ ကင်းဝေး ကာ ကိုယ်စိတ်နှလုံး ချမ်းမြေ့ကြပါစေလို့ ဆန္ဒပြု ဆုမွန်ကောင်းတောင်းရင်း နိုင်ငံတစ် ဝန်းက COVID 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုများကို ဆောင်ရွက်ပေးနေသူ တစ်ဦးတစ်ယောက်တိုင်းအတွက် ကျွန်တော်တို့အားလုံး တစ်ပြိုင်နက်တည်း လက်ခုပ် တီးလို့ ဆက်လက်အားပေးဂုဏ်ပြုကြဖို့ တိုက်တွန်းနှိုးဆော်ရင်း နိဂုံးချုပ်လိုက်ပါတယ်။

 

ဒေါက်တာမောင်မောင်မြင့်

      ဥက္ကဋ္ဌ

မြန်မာနိုင်ငံကြက်ခြေနီအသင်း