19/ Feb/ 2019
= == ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ မြန်မာနိုင်ငံကြက်ခြေနီအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် Unbroken Journey Completely Without Flying အစီအစဉ်ဖြင့် ကမ္ဘာတဝန်း နိုင်ငံပေါင်း ၁၉၁ နိုင်ငံရှိ အမျိုးသားကြက်ခြေနီအသင်းများသို့ သွားရောက် လေ့လာ တွေ့ဆုံလျက်ရှိသည့် ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းမှ Goodwill Ambassador ဖြစ်သူ Mr.Torbjørn C.pedersen အား ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ရန်ကုန်(ရုံးခွဲ) ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ Mr. Pedersen သည် ၂၀၁၃ ခုနှစ်မှ စတင်ပြီး ကမ္ဘာတဝန်းရှိ အမျိုးသားကြက်ခြေနီအသင်းများသို့ လေယာဉ်ခရီးစဉ် လုံးဝအသုံးမပြုဘဲ ကုန်လမ်း/ရေလမ်းကြောင်းများဖြင့် ခရီးစဉ်မပြတ် သွားရောက်လေ့လာလျက်ရှိရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ၁၇၂ နိုင်ငံမြောက် လက်ခံ တွေ့ဆုံခဲ့သည့် အမျိုးသားအသင်းဖြစ်ပါသည်။ ဆက်လက်ပြီး ကျန်ရှိသော ၁၉ နိုင်ငံရှိ အမျိုးသားကြက်ခြေနီအသင်းများသို့ သွားရောက် လေ့လာရန် ၂၀၂၀ ခုနှစ်ထိ ကြာမြင့်မည် ဖြစ်ပြီး ၎င်း၏ ခရီးအစီအစဉ် ပြီးဆုံးမှသာ နေအိမ်သို့ ပြန်လည်ရောက်ရှိမည် ဖြစ်ပါသည်။
15/ Feb/ 2019
= = =
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် Nordic House (နော်ဝေး၊ ဖင်လန်၊ ဆွီဒင်နှင့် ဒိန်းမတ်) ၌ ကျင်းပသော Nordic Day အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကြက်ခြေနီလူမှုကရုဏာ လုပ်ငန်းများ၊ ကူညီပံ့ပိုးရေး ပစွည်းများနှင့် စာအုပ်စာတမ်းများကို ခင်းကျင်းပြသခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များထဲမှ ကြက်ခြေနီလှုပ်ရှားမှုများအကြောင်း သိလိုသည်များကို ရှင်းလင်း ပြောပြခဲ့ကြပါသည်။
Credit; ဦးအောင်မြင့်စိုး
11/ Feb/ 2019
= = =
ပန်းတနော်၊ ဖေဖော်ဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ကျုံတိုင်းကြီးကျေးရွာတွင် ကလေးကယ်တစ်ဦး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ငါးစမ်းရင်းရေနစ်ခဲ့ရာ ကြက်ခြေနီတပ်ဖွဲဝင်တစ်ဦးက ရှေးဦးပြုစုခြင်းဖြင့် အသက်ကယ်နိုင်ခဲ့ပါသည်။
ရေချိုး၊ ငါးစမ်းနေတဲ့ ကလေးငယ်လေးဦးထဲမှ တစ်ဦးမှာ ရေအောက်ပိုင်းရှိသဲကျင်းထဲပြုတ်ကျကာ ရေနှစ်ခဲ့ရာ ရေနှစ်သူ အဖော်တွေရဲ့ အော်ဟစ်အကူအညီတောင်းခံခြင်းကြောင့် ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးက အရေးပေါ် သွားရောက် ကူညီကယ်ဆယ်ခြင်း၊ ရှေးဦးပြုစုခြင်း၊ အသက်ရှုအားကူခြင်းနည်းဖြင့် ကူညီခွင့်ရရှိခဲ့တာကြောင့် ရေနှစ်သူ အသက်ရှင်သန်ခွင့်ရရှိခြင်းဖြစ်တယ်လို့ဒေသခံတစ်ဦးကပြောပြခဲ့ပါသည်။
ကိုးနှစ်အရွယ် ရေနှစ်သူ"မောင်ကလယ်ကြောင်"မှာ ကိုယ်ပူ/နေမကောင်းဖြစ်နေသည်မှလွဲပြီး စိုရိမ်ရခြင်းမရှိကြောင်း ရှေးဦးပြုစုခြင်းဖြင့် အသက်ကယ် အကူအညီပေးခဲ့သူ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကြက်ခြေနီတပ်ခွဲမှူး ဦးမျိုးညွန့်ထံကသတင်းရရှိခဲ့သည်။
Credit-မောင်ချစ်ဦး(ပန်းတနော်)
09/ Feb/ 2019
= = =
ဘားအံ၊ ဖေဖော်ဝါရီ ၉
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် နယူးဆောက်သ်ဝေးတက္ကသိုလ်၊ Football United တို့ ပူးပေါင်း အကောင်အထည်ဖော်သည့် ဘောလုံးအားကစားအခြေပြု လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် လူငယ်နှီးနှောဖလှယ်ပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၀၉ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ တော်ဝင်ရတနာ ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူ၊ ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဦးဌေးနောင်နှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ကရင်ပြည်နယ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ Football United (University of New South Wales) မှ Dr.Anne Bude-Birouste နှင့် ဒေါက်တာဦးထွန်းအောင်ရွှေ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ/မြို့နယ်/ တက္ကသိုလ်ကြက်ခြေနီအသင်းခွဲများမှ ဥက္ကဌများ၊ အမှုဆောင်အဖွဲ့ဝင်များ၊ လူငယ်ရေးရာ ကော်မတီဝင်များ၊ တက္ကသိုလ်ကြက်ခြေနီအသင်းခွဲများမှ လူငယ်ကိုယ်စားလှယ်များ၊ ကြက်ခြေနီစေတနာ လုပ်အားရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး အသင်း ဥက္ကဋ္ဌမှ အားကစားအခြေပြု လူငယ်ဖွံ့ဖြိုးတိုးတက်ရေးလူငယ် နှီးနှောဖလှယ်ပွဲ ဆိုင်ရာ ကိစ္စရပ်များကို မိတ်ဆက်တင်ပြခဲ့ပါသည်။ ဆက်လက်ပြီး Football United တည်ထောင်သူ Dr Anne Bunde-Birouste (University of New South Wales) မှ Sport for Social Change Movement (ဘောလုံးအားကစား အခြေပြု လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်) ဆိုင်ရာများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ထို့နောက် ဘားအံတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာ ဒေါ်သန်းသန်းမြင့်မှ နိဂုံးချုပ်နှင့် ကျေးဇူးတင်စကား ပြောကြားခဲ့ကာ အမှတ်တရ စုပေါင်း ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။
လူငယ်နှီးနှောဖလှယ်ပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တက္ကသိုလ် ကြက်ခြေနီအသင်းခွဲများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ တက္ကသိုလ်ကြက်ခြေနီအသင်းဝင် လူငယ်များ၏ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှုအရည်အသွေးများ ပိုမို တိုးတက်စေရေး လုပ်ငန်းများကို ဘောလုံးအားကစား အခြေပြု စီမံချက်များဖြင့် တက္ကသိုလ် ကြက်ခြေနီအသင်းခွဲများတွင် ဆောင်ရွက်နေခြင်းအား အရှိန် မြင့်တင်နိုင်ရန် အတွက်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန နှင့် နိုင်ငံအဆင့်၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့် လူငယ်ကော်မတီများ ပါဝင်ရေးဆွဲနေသည့် လူငယ်မဟာဗျူဟာတွင် ဘောလုံး အားကစား အခြေပြု လူငယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းပုံစံအား ထည့်သွင်းနိုင်ရေး နည်းလမ်းများ ရှာဖွေနိုင်ရန်အတွက် ဖြစ်ပါသည်။
Credit; ဦးအောင်မြင့်စိုး
04/ Feb/ 2019
=== ကဝ၊ ဖေဖော်ဝါရီ ၄ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် Maxpower Thaketa ကုမ္ပဏီတို့ ပူးပေါင်း၍ ရေဘေးသင့် ဒေသများရှိ စာသင်ကျောင်းများသို့ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းခြင်း အခမ်း အနားကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ဘန်ဒါကျေးရွာ စာသင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ညွှန်ကြား ရေးမှူး ဒေါ်စန်းစန်းမော်နှင့် ဝန်ထမ်းများ၊ ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဌ ဦးငွေရှိန်၊ ဒုတိယဥက္ကဌ ဦးမြင့်လွင်နှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဌ ဦးနိုင်ဦးနှင့် အမှုဆောင်များ၊ ကဝမြို့နယ်ကြက်ခြေနီ အသင်းခွဲ ဥက္ကဌ ဦးအုန်းကျော်နှင့် အဖွဲ့ဝင်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိ သူများ၊ မြို့နယ် လက်ထောက် ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ/ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ကြက်ခြေနီစေတနာ လုပ်အားရှင် များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူက အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဌ ဦးငွေရှိန်က နှုတ်ခွန်းဆက် စကားပြောကြားခဲ့ကာ ကျောင်းသား/ကျောင်းသူ ၁၆၁ ဦးအတွက် ကျောင်းဝတ်စုံများနှင့် စာရေးကိရိယာများကိုလည်းကောင်း၊ အသက် ၆၀ ကျော် ဘိုးဘွား ၆၀ ဦးအတွက် စောင်၊ ခြင်ထောင်တို့ကို လည်းကောင်း၊ ဘုန်းတော်ကြီးကျောင်းအတွက် ဆန်၊ စောင်၊ ခြင်ထောင်နှင့် ဖျာများကို ပေးအပ်လှူဒါန်းခဲ့ကြပါသည်။
30/ Jan/ 2019
= = = နေပြည်တော်၊ ဇန်နဝါရီ ၃၀ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆောင်ရွက်လျက်ရှိသော ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများကို ပိုမို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ တိုင်းဒေသကြီး/ ပြည်နယ် ကြက်ခြေနီကော်မတီများသို့ မော်တော်ယာဉ်နှင့် သင်ထောက်ကူပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဌာနချုပ်ရှိ စုဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။ (၈၁) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေး အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူက ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများတွင် အသုံးပြုရန်အတွက် မော်တော်ယာဉ်နှင့် မော်တော်ယာဉ်စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ခဲ့ရာ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးဂဲနက်စ်၊ ကယားပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဌ ဦးကြည်လေး၊ ကရင်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာဌေးနောင်၊ ပဲခူးတိုင်းဒေသကြီးတပ်ဖွဲ့မှူးဒေါက်တာနေမျိုး၊ မွန်ပြည်နယ်တပ်ဖွဲ့မှူး ဦးကျော်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာဒေါ်လှကြင်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာလှအေး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဌ ဦးစိုင်းဆိုင်ပူးနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီဒုတိယဥက္ကဌ ဦးစိုင်းဆမ်တစ်တို့က လက်ခံခဲ့ကြပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌပါမောက္ခဒေါက်တာဒေါ်မြသူက ရှေးဦးပြုစုခြင်း အခြေခံအသက်ကယ်အထောက်အကူပြု ပစ္စည်းများကို ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ကို ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များမှ ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြပါသည်။ Credit:>>>ဒေါ်ဆွေဆွေစိုးနိုင် Photo Credit:>>>ဦးအောင်မြင့်စိုး
29/ Jan/ 2019
===
နေပြည်တော်၊ ဇန်နဝါရီ ၂၉
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နှင့် (၃၀) ရက်နေ့ တွင် နေပြည်တော်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဌာနချုပ်ရှိ စုဝေးခန်းမ၌ (၈၁) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေးကို ကျင်းပပြုလုပ်လျက်ရှိသည်။
အဆိုပါ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးကိုကိုနိုင်၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ ဂုဏ်ထူးဆောင်ဥက္ကဌ ပါမောက္ခဒေါက်တာဦးသာလှရွှေ၊ ဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူနှင့် အချိန်ပြည့်/ အချိန်ပိုင်းအမှုဆောင်အဖွဲ့ဝင်များ၊ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မိတ်ဖက်အမျိုးသားအသင်းများမှ မြန်မာဌာနေ ကိုယ်စားလှယ်များ၊ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဌနှင့်တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီဝင် ဦးအေးမြင့်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယ အထွေထွေ အတွင်းရေးမှူးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ကြက်ခြေနီဗဟိုကောင်စီဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ ခရိုင်တပ်ဖွဲ့မှူးများ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် ကျန်မာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးမြင့်ထွေးက “ ယခုနှစ်သည် ၁၃ ကြိမ်မြောက် မြန်မာနိုင်ငံကြက်ခြေနီညီလာခံကို ကျင်းပမည့် နှစ်တစ်နှစ်ဖြစ်သဖြင့် အသင်းအတွက် ထူးခြားသော နှစ်ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ယှဉ်ပြီး ဆောင်ရွက်နေသည့် အသင်းဖြစ်သည့်အတွက် အသင်းအတွင်းနှင့် အသင်းပြင်ပ ဆက်သွယ် ဆောင်ရွက်မှုများကို စည်းစနစ်ကျကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ထိခိုက်ခံစားရသူများထံ ထိရောက်တဲ့ ကူညီထောက်ပံ့မှုတွေပေးနိုင်မှာ ဖြစ်သကဲ့သို့ အသင်း၏ လုပ်ဆောင်ချက်များကို အများပြည်သူက ယုံကြည်လက်ခံလာပြီး အသင်းပုံရိပ် လည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ညီလာခံရွေးချယ်တင်မြောက်ရေးကိစ္စရပ်များအတွက် ဆွေးနွေးတိုင်ပင်ရာတွင် အသင်းနှင့် ရည်ရွယ်ချက်တူညီသော မိတ်ဖက်လူမှုအဖွဲ့အစည်းများ အဆင့်တိုင်းတွင် ပူးပေါင်းပါဝင်လာစေရန်၊ အသင်း၏ပုံရိပ်ကို ထိခိုက်နိုင်သော အသုံးချခံရမှုတွေမဖြစ်အောင် ကြိုတင်လေ့လာစီစစ်စေလို ကြောင်း၊ ဗဟိုကောင်စီဝင်များ အနေနဲ့ မိမိတို့စိတ်ဆန္ဒအရ ကြက်ခြေနီအသင်းမှာ ပါဝင်လာကြသူများ ဖြစ်သည့်အတွက် အသင်းကောင်းကျိုးအတွက် တတ်စွမ်းသမျှဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးကြ စေလိုကြောင်း” တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်း တင်ပြခဲ့ကာ အချိန်ပြည့် အလုပ်အမှုဆောင်အဖွဲ့ဝင် အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ၊ အချိန်ပိုင်းအလုပ် အမှုဆောင် ကော်မတီဝင်၊ ဗဟိုဦးစီးမှူးချုပ် ဦးမျိုးမင်းနောင်နှင့် ဗဟိုကောင်စီဝင် ဦးဘုန်းကျော်တို့အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးမြင့်ထွေးက ဗဟိုကောင်စီဝင် (၁၀) နှစ်ပြည့် ဂုဏ်ထူးဆောင် ဆုတံဆိပ်နှင့် ဂုဏ်ပြုလွှာများ အသီးသီးချီးမြှင့်ခဲ့ပါသည်။ ထို့နောက် အလှူရှင်များ ဖြစ်သည့် Coca Cola Company မှ တာဝန်ရှိသူ ဦးဇေယျာချစ် နှင့် ဦးတင်မောင် (စန္ဒီဘယဆေး)တို့အား မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ လှူဒါန်းမှုများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်ပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကာ ဖွင့်ပွဲ အခမ်းအနား ကို နံနက် (၁၀း၀၀)နာရီတွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။
ဆက်လက်ပြီး နံနက်(၁၀း၃၀)နာရီတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူမှ သဘာပတိအဖြစ် အဖွင့်အမှာစကားပြောကြားခဲ့ကာ ပထမနေ့ အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူက (၈၀) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးမှု အခြေအနေများကိုလည်းကောင်း၊ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှက (၈၁) မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေးသို့ တင်သွင်းသည့် အမှုဆောင်အဖွဲ့အစီရင်ခံစာကို လည်းကောင်း၊ အချိန်ပြည့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာဒေါ်အမယာမော်နိုင်က အသင်း ၏ ၂၀၁၈ ခုနှစ်၊ ဒုတိယနှစ်ဝက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ၂၀၁၉ ခုနှစ်အတွက် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ အချိန်ပြည့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကင်ဘွိုင်းက ဘဏ္ဍာရေးအစီရင်ခံစာနှင့် စာရင်းစစ်အဖွဲ့၏ အစီရင်ခံစာကိုလည်းကောင်း၊ ဥပဒေအကြံပေးဒေါ်ခင်စိုးထိုက်က နည်းဥပဒေပါ ပြင်ဆင်ထားချက်များကိုလည်းကောင်း၊ အချိန်ပိုင်း အမှုဆောင်အဖွဲ့ဝင်၊ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးဂဲနက်စ်က ရွေးချယ် တင်မြောက်ရေးစည်းမျဉ်း ပြင်ဆင်ချက်များနှင့် လုပ်ငန်းစဉ်အသေးစိတ်ကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။ အစည်းအဝေး ပထမနေ့တွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ကြက်ခြေနီကြီးကြပ်မှု ကေ်ာမတီဝင်များက တိုင်းဒေသကြီး/ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အကြောင်း ရှင်းလင်းတင်ပြကာ အမှုဆောင်အဖွဲ့မှ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေး ဒုတိယနေ့တွင် ၁၃ ကြိမ်မြောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ညီလာခံ ကျင်းပရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးသွားကြမည် ဖြစ်သည်။
Credit:>>> ဒေါ်ဆွေဆွေစိုးနိုင်
Photo Credit:>>> ဦးအောင်မြင့်စိုး၊ ဦးသန့်ဇော်ချို
28/ Jan/ 2019
= = = နေပြည်တော်၊ ဇန်နဝါရီ ၂၈ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဗဟိုကောင်စီအစည်းအဝေး အကြိုညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း (ဌာနချုပ်) (၃)ထပ်ဆောင် သင်တန်းခန်းမ၌ ကျင်းပ ပြုလုပ်လျှက်ရှိပါသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဂုဏ်ထူးဆောင်ဥက္ကဌ ပါမောက္ခဒေါက်တာဦးသာလှရွှေ၊ ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူ၊ အချိန်ပြည့်နှင့် အချိန်ပိုင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဒုတိယအထွေထွေ အတွင်းရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌများနှင့် ကိုယ်စားလှယ်တော်များ၊ ဌာနအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူမှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းမြင့်မားရေး (Resilience) အစီအစဉ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး အကြောင်းကို ဆွေးနွေးခဲ့ပါသည်။
အဆိုပါ အကြိုညှိနှိုင်းအစည်းအဝေးတွင် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းမြင့်မားရေး (Resilience) အစီအစဉ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး အကြောင်းကို ဆွေးနွေးခြင်း၊ နည်းဥပဒေပါ ပြင်ဆင်ထားချက်များကို ဆွေးနွေးတင်ပြခြင်း၊ ရွေးချယ်တင်မြောက်ရေး စည်းမျှဉ်းကို အချောသတ်ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်း၏ လုပ်ငန်းတာဝန်ခွဲဝေရေးလုပ်ငန်းစဉ်များ (Decentralization Process) ကို တင်ပြဆွေးနွေးခြင်း၊ အသင်းသားဖြစ်ခြင်း၊ အသင်းဝင်ကြေးနှင့် လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခြင်း၊ ရန်ပုံငွေ ရှာဖွေရေးနည်းလမ်းများအကြောင်း ဆွေးနွေးတင်ပြခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု မူဝါဒနှင့် ကယ်ဆယ်ရေးပစွည်းများ ဖြန့်ဝေခြင်းလမ်းညွှန် (DM Policy & Relieved Item Distribution Guideline) ကို တင်ပြခြင်း၊ CPR Manikin & Small First Aid Kit Distribution ကို ရှင်းလင်းတင်ပြခြင်း အစရှိသည်တို့ ဆွေးနွေးသွားကြမည် ဖြစ်ပါသည်။ Credit; ဦးအောင်မြင့်စိုး
24/ Jan/ 2019
=== နေပြည်တော်၊ ဇန်နဝါရီလ ၂၄ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကင်ဆာရောဂါအထိမ်းအမှတ်နေ့ကို ကြိုဆိုသောအားဖြင့် ကင်ဆာရောဂါအကြောင်းသိကောင်းစရာ ဟောပြောပွဲကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ နေ့လည် ၁း၃၀ အချိန်က နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ် သင်တန်းခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယအထွေထွေ အတွင်းရေးမှူးဒေါက်တာဒေါ်ညိုညိုဝင့်၊ ကျန်းမာရေးဌာ နညွှန်ကြားရေးမှူးဒေါက်တာဒေါ်သီတာကြူနှင့် ဝန်ထမ်းများ၊ ရေ ၊ ပတ်ဝန်းကျင်နှင့် သန့်ရှင်းရေးဆိုင်ရာ အရေးပေါ်တုန့်ပြန်ရေး သင်တန်း တက်ရောက်လျက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ၅၀ ဦး တက်ရောက်ခဲ့ကြပါသည်။ ဟောပြောပွဲတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာ နေထက်လင်းက ကင်ဆာ ရောဂါအကြောင်းသိကောင်းစရာကို ဆွေးနွေးခဲ့ပြီး တက်ရောက် လာသူများက သိလိုသည်များကို မေးမြန်းခဲ့ရာ ဒေါက်တာ နေထက်လင်းက ပြန်လည်ဖြေကြားခဲ့ပါသည်။ Credit:>>>ဒေါ်ဆွေဆွေစိုးနိုင်