|
RMS

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့် ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနား (Video Conferencing)သို့ တက်ရောက်မိန့်ခွန်းပြောကြား

  08/ May/ 2020

၂၀၂၀ပြည့်နှစ်၊ မေလ ၈ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မြန်မာနိုင်ငံကြက်ခြေနီအသင်း (ရန်ကုန်)ရုံးခွဲ၌ Video Conferencing ဖြင့်ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဌဒေါက်တာ မောင်မောင်မြင့် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါသည်။

အခမ်းအနားသို့အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဌဒေါက်တာဒေါ်အမယာမော်နိုင်နှင့် အချိန်ပြည့်/အချိန်ပိုင်း အလုပ်အမှု ဆောင်များ၊ အထွေထွေအတွင်းရေးမှူး နှင့်ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ အပြည်ပြည် ဆိုင်ရာကြက်ခြေနီ ကော်မတီမှမြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr.Stephan Sakalian နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်Mr. Joy Singhal၊ မိတ်ဖက်ကြက်ခြေနီအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တိုင်းနှင့်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများ၊ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အသင်းဌာနချုပ်မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ဌာနမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားအစီအစဉ်အရ အသင်းဥက္ကဌမှ ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားမိန်းခွန်းပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေး(IFRC)တို့မှ  ဌာနေကိုယ်စားလှယ်များက ​ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်စကားများပြောကြားခဲ့ကြပါသည်။

ထို့နောက် COVID-19 ရောဂါကာကွယ်ရေးတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတစ်ဝန်းမှ ကြက်ခြေနီများ၏ လှုပ်ရှားမှုပုံရိပ်မှတ်တမ်းဗီဒီယိုကိုပြသခဲ့ပြီး COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးတွင် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်နေသူများအား အခမ်းအနားသို့ တက်ရောက်လာသူများအားလုံးက လက်ခုပ်တီး ကာအားပေးဂုဏ်ပြုခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။