|
RMS

  30/ Jul/ 2021

ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် တုန့်ပြန်ရေး ကူညီဆောင်ရွက်နေမှုများ

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်
ယခုကာလတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများမြင့်တက်လျှက်ရာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်ရှိ ဈေးများနှင့် လူစည်ကားရာနေရာများတွင် ရောဂါကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်း၊ ပိုစတာများကပ်ခြင်းတို့ကို ကြက်ခြေနီ‌စေတနာလုပ်အားရှင်များကကူညီဆောင်ရွက်လျှက်ရှိပါသည်။
“ ပိုလျှင်လှူ လိုလျှင်ယူ “ ဟူသော နှာခေါင်းစည်းစနစ်တကျဝတ်ဆင်ခြင်း လှုပ်ရှားမှုများပြုလုပ်၍ နှာခေါင်းစည်းများ ပေးဝေလျှက်ရှိသည့်အပြင် ရောဂါသံသယဖြင့် မိမိအိမ်တွင်သာ နေရသူများအတွက်လည်း လိုအပ်သည့်ဆေးဝါးများကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးကြပါသည်။
ကလောမြို့တွင် မြို့အဝင်ဂိတ်များ၌ ခရီးသည်များအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင်မေးမြန်းခြင်း၊ ရောဂါစစ်ဆေးရာတွင် ကူညီခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါသည်။
ထို့အပြင် ရောဂါပိုးတွေ့လူနာများအား ကုသရေးစင်တာများသို့ ကူညီပို့ဆောင်ပေးခြင်း၊ ဆေးကုသမှုခံယူပြီးသူများအား နေအိမ်များသို့ ပို့ဆောင်ပေးခြင်းတို့ကို ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ကူညီပို့‌ဆောင်ပေးလျှက်ရှိပါသည်။
တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်ရှိ ရောဂါစစ်ဆေးသည့်နေရာ၌ စစ်ဆေးခံမည့်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးနေကြပါသည်။
ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရန်အတွက်လည်း လူနာနေအိမ်များ၊ လမ်းများနှင့် ကုသရေးစင်တာများ၌ ပိုးသတ်ဆေးဖြန်းခြင်းတို့ကို ဆောင်ရွက်ပေးပြီး အရေးပေါ်လိုအပ်သော အောက်စီဂျင်အိုးများရရှိရန် တတ်စွမ်းသမျှ ချိတ်ဆက်ရှာ‌ဖွေ ကူညီပို့ဆောင်ပေးလျှက်ရှိပါသည်။
ရပ်စောက်မြို့နယ်တွင်လည်း မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ လူနာများအတွက် အစားအစာများကို မြို့နယ်ကြက်ခြေနီအသင်းခွဲက လှူဒါန်းပေးခဲ့ပါသည်။
ရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များကို မိမိမှစ၍ လိုက်နာသည့်အ‌နေဖြင့် ယခုကာလအတွင်း သီးခြားနေထိုင်ကာ ပါဝင်ကူညီဆောင်ရွက်ပေးလျှက်ရှိပါသည်။
ယခုကဲ့သို့ ရောဂါကာကွယ်‌ရေးလုပ်ငန်းများတွင် တတ်စွမ်းသမျှ ပါဝင်ကူညီပေးနေကြတဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ကြက်ခြေနီတနာလုပ်အားရှင်များကို အားပေးဂုဏ်ပြုအပ်ပါသည်။

Read More

  27/ Jul/ 2021

ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်အိမ်ထောင်စုများ ယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ရာတွင် ကြက်ခြေနီက ပူးပေါင်းကူညီ

မိုးအဆက်မပြတ်ရွာသွန်းခြင်းနှင့်အတူ တောင်ကျရေစီးဆင်းမှုများကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဇူလိုင်လ (၂၆) ရက်နှင့် (၂၇) ရက်နေ့များက ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပါတယ်။
အဆိုပါနေရာများမှာ ဆက်လက်နေထိုင်ဖို့အဆင်မပြေတဲ့ အိမ်ထောင်စု (၉၇) စုကို ယာယီပြောင်းရွှေ့နေထိုင်မည့် ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွေ့ရာတွင် မြဝတီမြို့နယ်ကြက်ခြေနီအသင်းခွဲပိုင်လှေဖြင့် ကြက်ခြေနီများက ပါဝင်ကူညီပေးခဲ့ပြီး အလှူရှင်များလှူဒါန်းသော ထမင်းထုပ်များ၊ ရေသန့်ဘူးများနှင့် စားသောက်ဖွယ်ရာများကို ရေဘေးဒဏ်ခံစားရသူ (၃၇၉) ဦးကို ပေးဝေခဲ့ပါတယ်။
မြဝတီမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၃၅)ဦးက ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ကယ်ဆယ်ရေးအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

Read More

  14/ Jul/ 2021

သင်သိပါသလား?

လူ ၃ ဦးမှာ ၁ ဦးက တောတောင်နှင့် တောတောင်ထွက်ပစ္စည်းများကို အမှီသဟဲပြုပြီး နေထိုင်နေကြရပါတယ်။
သဘာဝအခြေပြု ဘေးအန္တရာယ်ကာကွယ်ခြင်းသည် ရာသီဥတုပြောင်းလဲခြင်း အကျပ်အတည်းကို ဖြေရှင်းနိုင်ပါတယ်။

Read More

  12/ Jul/ 2021

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများအား ကူညီဆောင်ရွက်နေသော ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် ကာကွယ်ရေးပစ္စည်းများထောက်ပံ့

ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပြည်ထောင်စုနယ်မြေအတွင်း နှာခေါင်းစည်းများပေးဝေခြင်း၊ အသိပညာပေးပိုစတာများကပ်ခြင်း၊ လူနာနှင့်ထိတွေ့ခဲ့သူများကို အသွားအလာကန့်သတ်စောင့်ကြည့်ရေး စခန်းများသို့ ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခြင်းနှင့် ပိုးသတ်ဆေးဖြန်းခြင်းတို့ကို ကူညီဆောင်ရွက်ပေးလျှက်ရှိပါသည်။
ထို့အပြင် ပျဉ်းမနားမြို့နယ်ရှိ မင်္ဂလာဗျူဟာသာသနာ့ဗိမာန် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း၊ ပုဗ္ဗသီရိမြို့နယ်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း (၂) ခုနှင့် တပ်ကုန်းမြို့နယ်ရှိ ညောင်လွန့်စစ်ဆေးရေးဂိတ်ရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများအား ကူညီဆောင်ရွက်နေသော ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် လက်သန့်ဆေးရည် (၂၀) ဘူး၊ လက်အိတ် (၃) ဘူး၊ နှာခေါင်းစည်း (၁၀) ဘူးနှင့် Surgical gown (၂၀) စုံတို့ကို နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များက ၂၀၂၁ခုနှစ်၊ ဇူလိုင်လ(၁၂)ရက်က ထောက်ပံ့ပေးခဲ့ပါသည်။

Read More

  12/ Jul/ 2021

ကယားပြည်နယ်ရှိ တိုက်ပွဲရှောင်စခန်းများတွင် နေရပ်စွန့်ခွာပြည်သူများအား ကြက်ခြေနီက ကျန်းမာရေးအသိပညာပေးခြင်းနှင့် လိုအပ်သောစားသုံးကုန်ပစ္စည်းများထောက်ပံ့ကူညီ

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်
လတ်တလောဖြစ်ပွားလျှက်ရှိသော အခြေအနေများကြောင့် လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်များရှိ တိုက်ပွဲရှောင်စခန်းများတွင် နေရပ်စွန့်ခွာပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များနှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ခြင်း၊ ရှေးဦးပြုစုပေးခြင်း၊ လူနာတင်ယာဉ်ဝန်ဆောင်မှုပေးခြင်း၊ HIV နှင့် TB ဆေးသောက်နေရသူများအတွက် ဆေးရရှိအောင် ဆောင်ရွက်ပေးခြင်းနှင့် မိုင်းအန္တရာယ်အသိပညာပေးခြင်းတို့ကို ကယားပြည်နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက တတ်အားသရွေ့ကူညီ‌ဆောင်ရွက်ပေးနေကြပါသည်။
ထို့အပြင် ကိုဗစ်-၁၉ ကူးစက်မှုများနှုန်းမြင့်လာလျက်ရှိသောကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များနှင့် အပူချိန်တိုင်းပစ္စည်းများ ထောက်ပံ့ပေးပြီး အပူချိန်တိုင်းပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါစစ်ဆေးရာတွင် ကူညီခြင်းနှင့် ပိုးတွေ့ရှိသူများအား သက်ဆိုင်ရာဆေးကုသရာနေရာသို့ ပို့ဆောင်ပေးခြင်းတို့ကိုလည်း ကူညီဆောင်ရွက်ပေးလျှက်ရှိပါသည်။
ထို့ကဲ့သို့ကူညီနိုင်ရန် ၂၀၂၁ ခုနှစ် မေလမှစ၍ ကယားပြည်နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီရေးအဖွဲ့ (၃) ဖွဲ့ခွဲထားပြီး ယနေ့အထိ ဆက်လက်ကူညီဆောင်ရွက်လျှက်ရှိပါသည်။

Read More

  12/ Jul/ 2021

ကိုဗစ်ရောဂါကူးစက်မှုမှကာကွယ်ရန် ကြက်ခြေနီက ကူညီဆောင်ရွက်

ဘုရားသုံးဆူမြို့၊ ၂၀၂၁ခုနှစ် ဇူလိုင်လ ၁၂ရက်
ကိုဗစ်၁၉ရောဂါကူးစက်မှုမြင့်တက်လာသည်နှင့်အမျှ အများပြည်သူတို့သည် နေ့စဉ်ဘဝတွင် ရောဂါကူးစက်မှုမခံရစေရေးအတွက် မဖြစ်မနေလိုက်နာနေထိုင်ရမည့် အချက်များအား သတိပြုလိုက်နာရန်လိုအပ်လာပါသည်။ စားဝတ်နေရေးအတွက် အခက်အခဲများအား ရင်ဆိုင်ဖြေရှင်းနေရသည့်အခါ အဆိုပါ ရောဂါကူးစက်မှုအား ကာကွယ်နိုင်မည့် အချက်များကို အမှုအမှတ်မဲ့ လျစ်လျူရှုမိတတ်ကြသည်။၊
ထိုအခြေအနေတွင် RCV များသည် ရပ်ရွာလူထုအား ရောဂါကူးစက်မှုမှကာကွယ်နိုင်သည့် ဆင်ခြင်နေထိုင်ရမည့် အချက်များအား အသိပညာပေးခြင်း၊ သတိပေးလမ်းညွှန်ခြင်းတို့ကို ဈေးများ၊ ကားဂိတ်များ၊ မြို့အသီးသီးရှိ အဝင်အထွက်ဂိတ်များတွင် သတိပေးနှိုးဆော်လျှက်ရှိသည်။ ထို့အပြင် ရောဂါကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်းများ၊ လက်သန့်စင်ဆေးရည်များနှင့် လက်အိတ်များ လှူဒါန်းပေးခြင်းတို့ကိုလည်း နေရာအနှံ့အပြားတွင် ဆောင်ရွက်လျက်ရှိကြသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များကိုယ်တိုင် စံပြအနေဖြင့် ရောဂါကာကွယ်ရေးသုံးပစ္စည်းများ အသုံးပြုကာ မိမိကိုယ်တိုင်လည်း ရောဂါကူးစက်မှုမခံရစေရန် ကြိုတင်ပြင်ဆင်ကာကွယ်မှုများပြုလုပ်ထားကြပါသည်။
ဖော်ပြပါဓါတ်ပုံများတွင် ပါရှိသော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့မှဖြစ်ပြီး အများပြည်သူသွားလာနေကြသော ဈေးများ၊ကားဂိတ်များတွင် ကိုဗစ်ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လမ်းညွှန်ပိုစတာများကပ်ခြင်း၊ နှာခေါင်းစည်းများအခမဲ့ပေးဝေခြင်းတို့ကို ပြုလုပ်နေကြခြင်းဖြစ်ပါသည်။

Read More