|
RMS

  19/ Mar/ 2022

ကျေးရွာမှလူနာကို ဆေးကုသမှုခံယူရန် ကြက်ခြေနီက ဆေးရုံသို့ ကူညီပို့ဆောင်

၂၀၂၂ခုနှစ်၊ မတ်လ(၁၉)ရက်နေ့ နေ့လည်ပိုင်းက သုံးခွမြို့နယ်၊ ဟေမဇလာကျေးရွာမှ အရေးပေါ် ဆေးဝါးကုသမှုခံယူရန်လိုအပ်သော အမျိုးသား(၁)ဦးကို သုံးခွမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကြက်ခြေနီလူနာတင်ယာဥ်ဖြင့် ဟေမဇလာကျေးရွာလမ်းအထိ သွားရောက်ခေါ်ဆောင်ပေးခဲ့ပြီး
သုံးခွမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ပါတယ်။

Read More

  18/ Mar/ 2022

အင်းစိန်မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ လူမှုကရုဏာလုပ်ငန်းများ

အင်းစိန်မြို့နယ်ကကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ မြို့နယ်အတွင်းမှာလူမှုကရုဏာအကူအညီတွေကို အကောင်းဆုံးဖြစ်ဖို့ ကြိုးစားအားထုတ်နေကြပါတယ်။ ၂၄နာရီလူနာတင်ယာဉ်ဝန်ဆောင်မှုတွေကစပြီး အသေးစားထိခိုက်ဒဏ်ရာရရှိမှုတွေအထိ မည်သည့်အခြေအနေမှာမဆို ရပ်ရွာလူထု ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန် ကူညီပေးနေကြပါတယ်။ မတ်လအတွင်းမှာ မတော်တဆမှုများနှင့် ရောဂါဝေဒနာခံစားရသူတွေကို ဆေးရုံဆေးခန်းအချိန်မီပို့ဆောင်ပေးဖို့အတွက် လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးမှုများစွာပြုလုပ်ခဲ့ပါတယ်။
မတ်လ(၁၆)ရက်နေ့က မြို့သစ်(က+ခ)ရပ်ကွက်မှ အာရုံကြောအားနည်းသူလူနာအမျိုးသမီးတစ်ဦးအား လူနာတင်ယာဉ်ဖြင့် အင်းစိန်ဆေးရုံသို့လည်းကောင်း၊ မတ်လ(၁၅)ရက်နေ့က တောင်သူကုန်းရပ်ကွက်မှ ဒူးခေါင်းရိုးကျိုးလူနာတစ်ဦးအား သီရိစန္ဒာဆေးရုံသို့လည်းကောင်း၊ အင်းစိန်ဆေးရုံမှ အစာအိမ်ကင်ဆာလူနာတစ်ဦးအား ဗဟိုအမျိုးသမီးဆေးရုံသို့လည်းကောင်း ထိုမှတစ်ဆင့် နေအိမ်သို့လည်းကောင်း၊ မတ်လ (၁၄)ရက်နေ့က စော်ဘွားကြီးကုန်းရပ်ကွက်မှ သွေးဝမ်းသွားလူနာတစ်ဦးအား အင်းစိန်ဆေးရုံသို့လည်းကောင်း ထိုမှတစ်ဆင့် မြောက်ဥက္ကလာဆေးရုံသို့လည်းကောင်း၊ ပန်းလှိုင်ဆေးရုံမှ ဆေးရုံဆင်းလူနာတစ်ဦးအား တာမွေနေအိမ်သို့လည်းကောင်း၊ မတ်လ(၁၃)ရက်နေ့က မြို့သစ် (က+ခ)ရပ်ကွက်မှ အစာအိမ်ကင်ဆာအမျိုးသမီးတစ်ဦးအား အင်းစိန်ဆေးရုံသို့လည်းကောင်း၊ မတ်လ(၁၁)ရက်နေ့က မြောက်ဥက္ကလာဆေးရုံမှ ဦးနှောက်သွေးကြောပေါက်သူအမျိုးသမီးတစ်ဦးအား ရွှေပြည်သာကောင်းစုအောင်ဆေးရုံသို့လည်းကောင်း၊ မတ်လ(၁၀)ရက်နေ့က ဈေးကုန်းအရှေ့ရပ်ကွက်မှ ဆီးချိုရောဂါသည်အမျိုးသားတစ်ဦးအား အင်းစိန်ဆေးရုံသို့လည်းကောင်း၊ မတ်လ(၈)ရက်နေ့က တောင်သူကုန်းရပ်ကွက်မှ ချော်လဲ၍ဒူးခေါင်းထိခိုက်သူလူနာတစ်ဦးအား သီရိစန္ဒာဆေးရုံသို့လည်းကောင်း၊ မတ်လ(၇)ရက်နေ့က ပေါက်တောရပ်ကွက်၊ ဘုရင့်နောင်လမ်းမပေါ်တွင် ဆိုင်ကယ်မတော်တဆဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူအား အရေးပေါ်ရှေးဦးပြုစုပေးပြီး အင်းစိန်ဆေးရုံသို့လည်းကောင်း၊ မတ်လ(၇)ရက်နေ့က မြို့သစ်(က+ခ)ရပ်ကွက် ပိတောက်လမ်းမှ အစာအိမ်ကင်ဆာရောဂါသည် အမျိုးသမီးတစ်ဦးအား ရန်ကုန်ဆေးရုံကြီးသို့လည်းကောင်း၊ မတ်လ(၇)ရက်နေ့က စော်ဘွားကြီးကုန်းရပ်ကွက်မှ ဗိုက်အောင့်လူနာအမျိုးသမီးတစ်ဦးအား ဖြူစင်သုခဆေးခန်းသို့လည်းကောင်း၊ မတ်လ(၃)ရက်နေ့က အောင်ဆန်းရပ်ကွက်မှ အဖျားကြီးလူနာအမျိုးသမီးတစ်ဦးအား အင်းစိန်ဆေးရုံသို့လည်းကောင်း၊ မတ်လ(၁)ရက်နေ့က ကမ်းနားအနောက်ရပ်ကွက်မှ အဖျားတက် ကလေးတစ်ဦးအား ရန်ကင်းကလေးဆေးရုံသို့လည်းကောင်း၊ အောင်ဆန်းရပ်ကွက်မှ မတော်တဆဖြစ်ပွား၍ ထိခိုက်ဒဏ်ရာရရှိသူအမျိုးသမီးတစ်ဦးအား အင်းစိန်ဆေးရုံသို့လည်းကောင်း၊ ရွာမအနောက်ရပ်ကွက်မှ ထိခိုက်ဒဏ်ရာရရှိသူအမျိုးသားတစ်ဦးအား အရေးပေါ်ရှေးဦးပြုစုပေးပြီး အင်းစိန်ဆေးရုံသို့လည်းကောင်း အသီးသီးပို့ဆောင်ကူညီပေးခဲ့ကြပါတယ်။
ထိုသို့ လူနာတင်ယာဉ်ဝန်ဆောင်မှုမှာ ၂၄နာရီ ကူညီပေးခြင်းဖြစ်ပြီး ကြက်ခြေနီစေတနာလုပ်အားရှင်များအနေဖြင့် အခကြေးငွေမယူဘဲ လူမှုကရုဏာလုပ်ငန်းအား တတ်စွမ်းသရွေ့ဆောင်ရွက်ပေးနေကြခြင်းဖြစ်ပါတယ်။

Read More

  18/ Mar/ 2022

စေတနာလုပ်အားရှင်များအတွက် စွမ်းရည်မြှင့်တင်ခြင်းသင်တန်းဖွင့်ပွဲပြုလုပ်

ရန်ကုန်၊ ၂၀၂၂ခုနှစ်၊ မတ်လ(၁၈)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း မိသားစုပြန်လည်ဆက်သွယ်ပေးရေး‌ဌာနမှ ဖွင့်လှစ်သော စေတနာလုပ်အားရှင်များအတွက် စွမ်းရည်မြှင့်တင်ခြင်းသင်တန်းဖွင့်ပွဲကို ၂၀၂၂ခုနှစ်၊ မတ်လ(၁၈)ရက်နေ့ နံနက်ပိုင်းက online ဖြင့် ပြုလုပ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲတွင် အသင်းအချိန်ပြည့် အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မြသူက အမှာစကား
ပြောကြားခဲ့ပြီး ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်းတို့က နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲသို့ အချိန်ပြည့်အလုပ်အမှုဆောင်ဒေါက်တာတင်ညွန့်၊ မိသားစုပြန်လည်ဆက်သွယ်ပေးရေး‌
ဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါသင်တန်းသို့ တိုင်းဒေသကြီး/ပြည်နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၁၄၂)ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကို မတ်လ(၁၈)ရက်နေ့မှစတင်ကာ (၆)ရက်ကြာပြုလုပ်သွားမည် ဖြစ်ပါသည်။

Read More

  18/ Mar/ 2022

ကရင်ပြည်နယ်တွင် ကြက်ခြေနီက သွေးလှူဒါန်း

မတ်လ(၁၅)ရက်နေ့နှင့် (၁၆)ရက်နေ့များတွင် ကရင်ပြည်နယ် ဘားအံပြည်သူ့ဆေးရုံကြီးနှင့် ဗျာဒိတ်ပန်းအထူးကုဆေးရုံတို့တွင် ဆေးကုသမှုခံယူနေသော လူနာများမှ ‘AB’သွေး(၁)လုံး ‘B’သွေး(၃)လုံး နှင့် ‘O’သွေး (၂)လုံး အရေးပေါ်လိုအပ်သဖြင့် ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ဦးခွန်ထွန်းထွန်းစိုး၊ ဘားအံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဦးစောအောင်ကိုမြတ်နှင့် ဒေါ်မိထွန်းလဝန်းနွယ် တို့မှ လှူဒါန်းပေးခဲ့ပြီး သွေးအလှူရှင်များဖြင့်ချိတ်ဆက်ကာ လူနာများအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။  

Read More

  16/ Mar/ 2022

ရှမ်းပြည်နယ်(တောင်ပိုင်း)နေရပ်စွန့်ခွာပြည်သူများနှင့်ဒေသခံတိုင်းရင်းသားများအတွက် ကြက်ခြေနီစေတနာလုပ်အားရှင်များက လူမှုကရုဏာအကူအညီများ ပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ ရောက်ရှိနေသော နေရပ်စွန့်ခွာပြည်သူများနှင့် ဒေသခံတိုင်းရင်းသားများအတွက် ကြက်ခြေနီစေတနာလုပ်အားရှင်များက လူမှုကရုဏာအကူအညီများ ပေးလျက်ရှိပါတယ်။
ထိုသို့ဆောင်ရွက်ရာတွင်၂၀၂၂ခုနှစ်၊ မတ်လအတွင်းမှာ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာအုပ်စု၊ တန်စန့်ကျေး
ရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ စာအုပ်၊ ခဲတံ၊ နှာခေါင်းစည်း၊ လက်သန့်ဆေးရည်နှင့် ကျောင်းသုံး တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
ထို့အတူ ဆီဆိုင်မြို့နှင့် တောင်ကြီးမြို့အတွင်းရှိ နေရပ်စွန့်ခွာစခန်းများမှ ပြည်သူများ လိုအပ်ချက်များကို သွား
ရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အသုံးအဆောင်ပစ္စည်းများဖြစ်သည့် စောင်၊ ခြင်ထောင်၊ ဖျာ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ ဆိုလာမီးအိမ်၊ လက်သန့်ဆေးရည်၊ အောက်ခံအခင်းပြားများ နှင့်သောက်ရေသန့်များကို ထောက်ပံ့ပေးအပ်ခဲ့သည့်အပြင် အမှိုက်ကျင်း(၁)ခုကိုလည်း ဝိုင်းဝန်းပြုလုပ်ပေးခဲ့ပါတယ်။
ထိုသို့ထောက်ပံ့ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းတို့မှ ပံ့ပိုးသောပစ္စည်းများကို ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် အသင်းဌာနချုပ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။

Read More

  15/ Mar/ 2022

ကယားပြည်နယ်ကြက်ခြေနီမှ ဆောင်ရွက်လျက်ရှိသော လူမှုကရုဏာအကူအညီများ

ကယားပြည်နယ်မှာလတ်တလောအခက်အခဲတွေကြုံတွေ့နေရပေမယ့် ကျွန်ုပ်တို့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေရဲ့ လူမှုကရုဏာလုပ်ငန်းဆောင်ရွက်မှုတွေဟာ ရပ်တန့်မသွားခဲ့ပါဘူး။ ကျွန်ုပ်တို့တွေဟာ ရပ်ရွာလူထုဆီကို ထိရောက်တဲ့အထောက်အပံ့တွေနဲ့ အကောင်းဆုံးတွေရရှိစေဖို့ အမြဲတမ်းအားထုတ်ကြိုးပမ်းနေကြတာပါ။   COVID 19 ရောဂါကူးစက်မှုမြင့်တက်နေချိန်ဖြစ်တာကြောင့် ရောဂါကာကွယ်ရေးအတွက်လိုအပ်တဲ့အကူအညီတွေဆောင်ရွက်ပေးနေကြပြီး COVID 19 RDT ဖြင့်စစ်ပေးတာတွေအပြင် ပိုးတွေ့လူနာတွေကိုလည်း ကူညီပေးပြီး ဆေးဖြန်းတာတွေကိုလည်း ဂရုတစိုက်ပြုလုပ်နေကြပါတယ်။ ကာကွယ်ဆေးထိုးနှံလိုတဲ့ပြည်သူတွေကိုလည်း ကူညီပို့ဆောင်ပေးလျက်ရှိသလို နေရပ်ပြန်ပြည်သူတွေကိုလည်း စိတ်ပိုင်းဆိုင်ရာအားပေးပြီး ပို့ဆောင်ပေးလျက်ရှိပါတယ်။   ယခုကာလမှာ ပြည်နယ်တွင်းဒေသခံတွေရဲ့ စားဝတ်နေရေးအခက်အခဲတွေကြုံတွေ့နေရမှုအပေါ် ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်ုပ်တို့ဆက်လက်ဆောင်ရွက်နေကြပါတယ်။ ဒေသတွင်း စားရေးသောက်ရေးအခက်အခဲဖြစ်နေသူတွေအတွက် အစားအသောက်နှင့်ဆေးဝါးထောက်ပံ့ပေးခြင်း၊ နေရပ်စွန့်ခွာပြည်သူတွေကို ဆန်၊ဆီ၊ဆေး၊အသားဗူး၊ ခေါက်ဆွဲကြော်၊ ကြက်သွန်နီ၊ စောင်၊ နို့မှုန့်၊ အဝတ်အထည်၊ ဆပ်ပြာ၊ နှာခေါင်းစည်း၊ လက်သန့်စင်ဆေးရည်နဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းတွေကို အလှူရှင်တွေနဲ့အတူ ချိတ်ဆက်ပြီး ကူညီထောက်ပံ့ပေးလျက်ရှိပါတယ်။   ယခုလို လူမှုကရုဏာအကူအညီတွေကို လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ဆောင်ရွက်နေကြတာဖြစ်ပြီး ရပ်ရွာလူထုအတွက် ပိုမိုထိရောက်တဲ့အထောက်အပံ့အကူအညီတွေကို ထပ်မံပေးပို့နိုင်ဖို့ ကျွန်ုပ်တို့ရဲ့ ကယားပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီကတာဝန်ရှိသူတွေနဲ့ ကယားပြည်နယ်တွင်းက စေတနာလုပ်အားရှင်တွေဟာ အကောင်းဆုံးကြိုးစားလျက်ရှိကြပါတယ်။

Read More

  15/ Mar/ 2022

မင်းဘူးတွင် မီးလောင်မှုကြောင့် ထိခိုက်ခံစားရသောအိမ်ထောင်စုများအား ကြက်ခြေနီက ကူညီထောက်ပံ့

ရပ်ရွာလူထုထိခိုက်ခံစားရတဲ့အချိန်တိုင်းမှာ ကြက်ခြေနီတွေက အကောင်းဆုံးဖြည့်ဆည်းကူညီပေးနေကြပါတယ်။ လူမှုကရုဏာလိုအပ်နေတဲ့ မည်သည့်နေရာကိုမဆို ကျွန်ုပ်တို့ရောက်အောင်သွားပြီးဖြည့်ဆည်းပံ့ပိုးပေးနေမှာပါ။
မတ်လ(၁၁)ရက်နေ့က မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကိုင်းမကြီးရွာမှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် အိမ်ထောင်စု(၇၂)စုမီးဘေးသင့်ခဲ့ရပြီး အိုးအိမ်ဆုံးရှုံးခဲ့ရပါသည်။ မတ်လ(၁၄)ရက်နေ့မှာတော့ မကွေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီက တာဝန်ရှိသူတွေနဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေသွားရောက်ကာ စိတ်ပိုင်းဆိုင်ရာအားပေးကူညီပေးခဲ့ကြပြီး အရေးပေါ်လိုအပ်တဲ့အသုံးအဆောင်တွေအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၇၂)စုံ၊ အိမ်ဆောက်အထောက်အကူပြုပစ္စည်း(၇၂)စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁၀၂)စုံ၊ စောင်(၇၂)ထည်၊ တာပေါ်လင်(၇၂)စ၊ ခြင်ထောင်(၇၂)လုံး၊ ကြိုးခွေ(၇၂)ကြိုး၊ ခြင်ထောင် (၆၁)လုံး သွားရောက်ထောက်ပံ့ပေးခဲ့ကြပါတယ်။
ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းတွေဟာ အခြေခံမူ(၇)ချက်နဲ့အညီ ဆောင်ရွက်ရတာဖြစ်ပြီး ဆောင်ရွက်ပေးကြသူတွေရဲ့ အကျိုးအမြတ်ဆန္ဒအလျဉ်းမရှိတဲ့ စေတနာ့ဝန်ထမ်းလှုပ်ရှားမှုများလည်းဖြစ်ပါတယ်။

Read More

  12/ Mar/ 2022

ယာဉ်မတော်တဆမှု‌ကြောင့် ထိခိုက်ဒဏ်ရာရရှိသော လူနာများကို ကြက်ခြေနီက ရှေးဦးပြုစုပြီး ဆေးရုံသို့ ကူညီပို့ဆောင်

လားရှိုး၊ ၂၀၂၂ခုနှစ်၊ မတ်လ(၈)ရက်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့နယ် နမ့်တွန်းကျေးရွာအနီးတွင် မတ်လ(၈)ရက်နေ့ နံနက်ပိုင်းက ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ ညှပ်ရိုးကျိုးသည့် အမျိုးသမီးလူနာ(၁)ဦး၊ လက်ဖျံကျိုးသည့် အမျိုးသမီးလူနာ(၁)ဦးနှင့် ထိခိုက်ဒဏ်ရာရသည့် အမျိုးသားလူနာ(၂)ဦးတို့ကို လားရှိုးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၅)ဦးတို့က ရှေးဦးပြုစုပေးခဲ့ပြီး ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် လားရှိုးမြို့ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။

Read More

  11/ Mar/ 2022

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့် ကရင်ပြည်နယ်တွင်ပြုလုပ်သည့် စွမ်းဆောင်ရည်မြှင့် သင်တန်းဖွင့်ပွဲကို အွန်လိုင်းမှ အဖွင့်အမှာစကားပြောကြား

ရန်ကုန်၊ မတ်လ (၁၀) ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့် အဖွဲ့ဝင်များသည် ၂၀၂၂ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့ နံနက် (၉း၀၀) နာရီ အချိန်က အသင်းဌာနချုပ်၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့် ကရင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းပြီး ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီရုံးတွင်ပြုလုပ်သည့် စွမ်းဆောင်ရည်မြှင့်သင်တန်း ဖွင့်ပွဲအခန်းအနားကို အွန်လိုင်းမှ တက်ရောက်ခဲ့ပါသည်။
     အခမ်းအနားဖွင့်ပွဲတွင် အသင်းဥက္ကဌမှ အသင်းအနေဖြင့် လက်တလောဖြစ်ပေါ်နေသည့် အခြေအနေများတွင် အများပြည်သူအတွက် အသင်းက ချမှတ်ထားသည့် ဆင်းရဲ ဒုက္ခနည်းပါးသက်သာစေရန် ဆိုသည့် ရည်ရွယ်ချက်အတိုင်း အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးတဲ့လုပ်ငန်းတွေကို လုပ်ဆောင်ပေးလျက်ရှိ ပါကြောင်း၊ ဤကဲ့သို့ ဆောင်ရွက်ရာတွင် အသင်းဌာနချုပ်အနေနှင့် နည်းပညာပိုင်း ကူညီပေးလျက်ရှိပြီး မြေပြင်မှာ လက်တွေ့ အကောင်အထည်ဖော်နေသူများမှာ ကြက်ခြေနီစေတနာလုပ်အားရှင်များ ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြေပြင်မှာ ကူညီဆောင်ရွက်ပေးနေကြတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များ အနေဖြင့် လိုအပ်မည့် နည်းစနစ်တွေ အသိပညာ အတတ်ပညာတွေကို သိရှိ လိုက်နာ ဆောင်ရွက်နိုင်ဖို့အတွက် ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် သင်တန်း တက်ရောက်လာကြတဲ့ ကြက်ခြေနီစေတနာ လုပ်အားရှင်များအနေနဲ့ သင်ကြားပေးတဲ့ နည်းစနစ်တွေကို သေချာသင်ကြားမှတ်သားကြပြီး ပြည်သူတွေအတွက် ကြက်ခြေနီက ဆောင်ရွက်မည့် လုပ်ငန်းများမှာ ပြန်လည်အသုံးချကြရန်တိုက်တွန်းပါကြောင်းစသဖြင့် ပြောကြားခဲ့ပါသည်။
     ဆက်လက်ပြီး ကရင်ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်နိုင်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ဘားအံရုံးတာဝန်ခံ ဦးစစီးလွင်မှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲကို အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာ ဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အလုပ် အမှုဆောင် ဒေါက်တာတင်ညွန့်၊ အထွေထွအတွင်းရေးမှူး၊ ဒုတိယအထွေထွေ အတွင်းရေးမှူးများ၊ ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ယာယီဥက္ကဋ္ဌ ဒေါ်မြင့်မြင့်သိန်းနှင့် ကရင်ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှူး၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၏ ဘားအံရုံးတာဝန်ခံ၊ အသင်းဌာနချုပ်မှ ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ၊ ကြက်ခြေနီ စေတနာလုပ်အားရှင် သင်တန်းသား/သူများတက်ရောက်ခဲ့ပါသည်။

Read More