ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဦးလဖိုင်ဘရန်ဒီး ဖားကန့်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်စခန်းတွင် လုပ်အားပေးနေသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအား သွားရောက်ကြည့်ရှုအားပေး

  11/ Apr/ 2020

ဖားကန့်၊ ဗန်းမော် ဧပြီ၁၁

ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဦးလဖိုင်ဘရန်ဒီးနှင့်အဖွဲ့သည် ၂၀၂၀ပြည့်နှစ်၊ ဧပြီလ(၁၀)ရက်နေ့က ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာဝင်ပေါက်ဂိတ်တွင်ဖြတ်သန်းသွားလာသူများအား ကိုယ်အပူချိန်တိုင်းတာခြင်း ဆောင်ရွက်ပေးနေသော ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် အသွားအလာကန့်သတ်စောင့်ကြည့်စခန်းတွင် ဌာနဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအားသွားရောက်ကြည့်ရှုကာ နှာခေါင်းစည်းများထောက်ပံ့ပေးခြင်း၊ အားပေးစကားများပြောကြားခြင်းနှင့် အသွားအလာကန့်သတ်စောင့်ကြည့်စခန်းသို့ အလှူငွေ(၁၀၀,၀၀၀)ကျပ်ထောက်ပံ့ပေးအပ်ခဲ့သည်။
အလားတူ ဗန်းမော်မြို့နယ်တွင် မြို့နယ်ကြက်ခြေနီတပ်ခွဲမှူးဒေါ်သန်းသန်းမြင့်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မြို့နယ်အတွင်းရှိ စင့်ကင်၊ ငှက်ပျောတော၊ သဖန်းပင်ကျေးရွာများသို့ သွားရောက်ခဲ့ပြီး ကျေးရွာနေပြည်သူများအား COVID-19 ရောဂါအန္တရာယ်နှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို လိုက်လံအသိပေးခဲ့ပါသည်။