သမိုင်းကြောင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် သက်တမ်းအရှည်ကြာဆုံးနှင့် ဦးဆောင်ဦးရွက်ပြုနေသော လူမှုကရုဏာ အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် ဘေးအန္တရာယ် ကျရောက်လွယ်ဆုံးသူများ၏ ကျန်းမာရေးနှင့် ပိုမိုကောင်းမွန်သောဘဝများအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ကြက်ခြေနီလုပ်ငန်းများကို ၁၉၂၀ ခုနှစ်မှစတင်ကာ အိန္ဒိယနိုင်ငံကြက်ခြေနီ အသင်း၏ အသင်းခွဲအဖြစ် စတင်ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၃၇ ခုနှစ်တွင် ဗမာနိုင်ငံ ကြက်ခြေနီအသင်းအဖြစ် သီးခြားရပ်တည်ခဲ့သည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းကို ၁၉၃၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (အိုင်စီအာစီ)က အသိအမှတ်ပြုခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (ဖက်ဒရေးရှင်း) ၏ အသင်းဝင် ဖြစ်လာခဲ့သည်။

နိုင်ငံတော်အစိုးရသည် ဗမာနိုင်ငံကြက်ခြေနီအသင်း အက်ဥပဒေကို ၁၉၅၉ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး အမြဲတမ်းလူမှုကရုဏာအသင်းအဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး အဆိုပါ အက်ဥပဒေကို ၁၉၆၄ ခုနှစ်၊ ၁၉၇၁ ခုနှစ်နှင့် ၁၉၈၈ ခုနှစ်တို့တွင် ထပ်မံ ပြင်ဆင်ခဲ့သည်။ အဆိုပါ အက်ဥပဒေအရ စိန့်ဂျွန်းသူနာပြု တပ်ဖွဲ့အား ကြက်ခြေနီသူနာပြုတပ်ဖွဲ့အဖြစ် ဗမာနိုင်ငံ ကြက်ခြေနီအသင်းတွင် ထည့်သွင်းဖွဲ့စည်းခဲ့ သည်။ ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော် ဥပဒေပြဌာန်းချက်အရ ဗမာနိုင်ငံကြက်ခြေနီအသင်းကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ၂၀၁၅ ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥပဒေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၏ သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုးကာ အတည်ပြုပြဌာန်းခဲ့ပြီး အများပြည်သူသိရှိစေရန် သတင်းမီဒီယာမှ တဆင့် အသိပေးခဲ့သည်။