ကြက်ခြေနီက မွန်ပြည်နယ်အတွင်း COVID-19 ရောဂါကာကွယ်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိ

  20/ Apr/ 2020

မွန်၊ ဧပြီ ၂၀

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတစ်ဝန်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် စဥ်ဆက်မပြတ် ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၂၀ ရက်နေ့က မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုတိယမြို့နယ်တပ်ဖွဲ့မှူးဦးလင်းအောင်ဌေး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၄ ဦးသည် အာရုတောင်၊ တောင်ဘုံ၊ အာဘော်ကျေးရွာများ၊ မြို့နယ် မြို့လုံးကျွတ်ဆွမ်းလောင်းရုံများတွင် ပိုးသတ်ဆေးဖြန်းခြင်း၊ မြို့နယ်စျေး၊ အဝေးပြေးကားဂိတ်များတွင် စနစ်တကျလက်ဆေးခြင်းနှင့် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်းအပြင် နှာခေါင်းစည်းပေးဝေခြင်းများကိုဆောင်ရွက်ခဲ့ကြသည်။
ထို့အပြင် ဧပြီလ ၂၀ရက်နေ့က ကျိုက်မရောမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌနှင့် ကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီဒုတိယတပ်ဖွဲ့မှူးဦးမျိုးမင်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၇ ဦးသည် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီများ၊ စီးပွားရေးဘဏ်အစရှိသည့်နေရာများတွင် ပိုးသတ်ဆေးဖြန်းခြင်းကို ဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး ဧပြီလ ၂၀ရက်နေ့တွင် ပေါင်မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌဦးအောင်မင်းနိုင်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၅)ဦးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဝါရီရူခန်းမတို့တွင် ပိုးသတ်ဆေးဖြန်းခြင်းကိုဆောင်ရွက်ခဲ့သည်။
အလားတူ ဧပြီလ ၁၉ ရက်နေ့က ကျိုက်ထိုမြို့နယ်တွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးဆန်းဝင်းအောင် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၉ ဦးက မြို့နယ်အတွင်းရှိလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် စျေးတာဝန်ခံများပူးပေါင်းကာ ကျိုက်ထိုမြို့နယ်တွင် ၃ရက်စျေး(ယာယီ)ပြုလုပ်ရန်ညှိနှိုင်းဆောင်ရွက်ခြင်း၊ လက်သန့်ဆေးရည်စင်များထားရှိခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။