ကြက်ခြေနီမှ ကယားပြည်နယ်တွင် COVID-19ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေးတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်

  30/ Mar/ 2020

ကယား၊ မတ်လ ၃၀

ကြက်ခြေနီမှ ကယားပြည်နယ်တွင် COVID-19ကိုရိုနာဗိုင်းရပ်အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးဆောင်ရွက်လျက်ရှိရာ ၂၀၂၀ပြည့်နှစ် မတ်လ ၂၉ရက်နေ့က ရှားတောမြို့နယ်တွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်သီတာလှိုင်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များမှ နယ်စပ်ဝင်ထွက်ဂိတ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့နှင့် ပူးပေါင်းကာ ကိုယ်အပူချိန်တိုင်းတာခြင်း၊ မှတ်သားခြင်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
အလားတူ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်နန်းစောတင်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များမှပညာပေးပိုစတာနှင့် စတစ်ကာကပ်ခြင်း၊ လက်ဆေးခြင်းအသိပညာပေးခြင်းများပြုလုပ်ခဲ့ပါသည်။
လွိုင်ကော်မြို့နယ်တွင်လည်း မြို့အဝင်/အထွက်ဂိတ်များတွင် လွိုင်ကော်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ကိုယ်အပူချိန်တိုင်းတာခြင်း၊ မှတ်သားခြင်းများပြုလုပ်ခဲ့သည်။ ထို့အပြင်COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ ပိုစတာများကပ်ခြင်း၊ စနစ်တကျလက်ဆေးနည်းသရုပ်ပြခြင်းတို့ကို ကျေးရွာများ၊ ဈေးများ၊ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြပါသည်။