ကြက်ခြေနီမှ ကယားပြည်နယ်တွင် COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်

  29/ Mar/ 2020

ကယား၊ မတ်လ ၂၉

မြန်မာနိုင်ငံကြက်ခြေနီအသင်း ကြက်ခြေနီစေတနာလုပ်အားရှင်များသည် COVID-19ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားသည့်အချိန်မှစတင်ကာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအသီးသီးတို့တွင် ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ခြင်း၊ အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
အလားတူ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုင်းနေဇော်ထွေးဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များမှလည်းကောင်း၊ ဖရူဆိုမြို့နယ်တွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်စန်းစန်းမွှေးဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များမှလည်းကောင်း၊ ဖားဆောင်းမြို့နယ်တွင် ဉီးအောင်မျိုးသွင်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များမှလည်းကောင်း၊ ဘောလခဲမြို့နယ်တွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးနေလင်း ဦးဆောင်သောကြက်ခြေနီစေတနာလုပ်အားရှင်များမှလည်းကောင်း၊ လွိုင်ကော်မြို့နယ်တွင် ကယားပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးဒေါ်ထက်အိဝေ ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များမှလည်းကောင်း COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်းစနစ်တကျအသုံးပြုနည်း၊ စနစ်တကျလက်ဆေးခြင်း၊ အသိပညာပေးပိုစတာများကပ်ခြင်း၊ အသိပညာပေးဟောပြောခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းကာ ကယားပြည်နယ်အတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ၊ ဈေးများ၊ ကားဂိတ်များနှင့် လူစည်ကားရာနေရာများတွင် ၂၀၂၀ပြည့်နှစ် မတ်လ ၂၆ရက်မှ ၂၉ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြပါသည်။