ကြက်ခြေနီမှ မွန်ပြည်နယ်အတွင်း COVID-19 ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက် ဆက်လက်ဆောင်ရွက်

  09/ Apr/ 2020

မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးချိုမင်းလင်း၊ ပြည်နယ်ကော်မတီ၀င် ဦးမာနူး၊ ပြည်နယ်တပ်ဖွဲ့မှူး ဦးကျော်မြင့် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၃၅)ဦးတို့သည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၆ ရက်နေ့၊ ညနေ(၄း၀၀)နာရီအချိန်မှ စတင်ကာ မော်လမြိုင်မြို့နယ်၊ ကျားတံတားလမ်းဆုံ၊ ထား၀ယ်စုစျေးလမ်းဆုံ၊ ဘိုကုန်းလမ်းဆုံ၊ ညောင်လေးပင်ရပ်ကွက်၊ အထက်လမ်းမကြီး လွှတ်တော်အရှေ့၊ လိမ္မော်စဥ်၊ မောင်ငံလမ်းဆုံ၊ မုပွန်လမ်းဆုံ၊ ကျောက်တန်းရပ်ကွက် များရှိ ပြည်သူလူထုများအား COVID-19ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင် ရောဂါ ကာကွယ်ရေး ပိုစတာ(၂၀၀)၊ စတစ်ကာ(၅၀) ကပ်ခြင်း၊ လက်စနစ်တကျ ဆေးနည်း သရုပ်ပြခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် လက်သန့်ဆေးရည်(Hand Sanitizer) (၃၀၀၀)ဗူး ဖြန့်‌ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြ ပါသည်။

အလားတူပင် မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် အလှူရှင်များ ပံ့ပိုးကူညီမှုဖြင့် မြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင်များ၊ ကြက်ခြေနီစေတနာလုပ်အားရှင် (၈)ဦးတို့ သည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၇ရက်နေ့တွင် မုဒုံမြို့နယ်၊ ကမာ၀က်မြို့၌ COVID-19ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင် ရောဂါကာကွယ်ရေး ပိုစတာ(၁၅)၊ စတစ်ကာ(၅)ခု ကပ်ခြင်း၊ လက်စနစ်တကျ ဆေးနည်း သရုပ်ပြခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် လက်သန့်ဆေးရည်(Hand Sanitizer) (၃၀၈)ဗူး ဖြန့်‌ဝေခြင်းတို့ကို ဆောင်ရွက်ပြီး၊ ပြည်သူလူထုပူးပေါင်း၏ ဝိုင်းဝန်းပူးပေါင်းပါဝင်မှုဖြင့် သတ်မှတ်နေရာ အဆောက်အဉီများတွင် ထားရှိပြီး အသွားအလာ ကန့်သတ်ခြင်း (Community Based Facility Quarantine) စခန်းများတွင် ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ စာရင်းသွင်းခြင်းနှင့် သောက်/သုံးရေလှူဒါန်းခြင်းများ ပြုလုပ်ပေးကြပါသည်။

ထို့အတူ သထုံမြို့နယ်တွင် အနှိုင်းမဲ့သွေးနှင့်အောက်ဆီဂျင်အဖွဲ့ ဥက္ကဌ ဦးမိုးကျော်သူမှ လှူဒါန်းသော ပိုးသတ်ဆေးရည်ဖြင့် သထုံခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးတင်လှ ဦး‌ဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၉)ဦးတို့သည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၇ရက်နေ့တွင် သထုံမြို့နယ်၊ ဘုန်းတော်ကြီးကျောင်း(၁၀)ကျောင်း ၌ ပိုးသတ်ဆေးဖြန်းခြင်း တို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
Credit:>>> ဒေါ်လေးလေးခက်