မွန်ပြည်နယ်တွင် ကြက်ခြေနီမှ COVID-19 ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါကာကွယ်ရေး ဆောင်ရွက်

  26/ Mar/ 2020

မွန်ပြည်နယ်၊ မတ် ၂၆

၂၀၂၀ပြည့်နှစ် မတ်လ ၂၆ရက်နေ့တွင် သထုံခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယခရိုင်တပ်ဖွဲ့မှူး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၁၅)ဦးတို့သည် ကျိုက်ထိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ တို့နှင့် ပူးပေါင်းကာ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ရှိ ဈေးများနှင့် လူစည်ကားရာနေရာများတွင် COVID-19ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ရေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ ပိုစတာနှင့် စတစ်ကာများ ကပ်ခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် လက်သန့်ဆေးရည်များ ဖြန့်‌ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အလားတူ ဘီးလင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၁၅)ဦးတို့သည် မြို့နယ်ကျန်းမာရေးဌာနနှင့် ပူးပေါင်းကာ ၂၀၂၀ပြည့်နှစ် မတ်လ၂၆ရက်နေ့ နံနက်(၉)နာရီခန့်က ဘီးလင်းမြို့နယ်ရှိ ဈေးများနှင့် လူစည်ကားရာနေရာများတွင် COVID-19ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဝေခြင်း၊ ပိုစတာများကပ်ခြင်း၊ စနစ်တကျလက်ဆေးနည်း သရုပ်ပြခြင်းနှင့် အသိပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။