ရန်ကုန်တွင် လုပ်အားပေးမည့် ဧရာဝတီတိုင်းမှ ကြက်ခြေနီများအား COVID -19 ရောဂါကာကွယ်ရေး အသိပညာပေး သင်တန်းပို့ချ

  15/ Sep/ 2020

ရန်ကုန်တိုင်းဒေသကြီးရှိ အသွားအလာကန့်သတ် စောင့်ကြည့်စခန်းများတွင် လုပ်အားပေးကြမည့် ဧရာဝတီတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၄၉) ဦးအတွက် COVID-19 ရောဂါကာကွယ်ရေး အသိပညာ‌‌ပေး သင်တန်းကို ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက ဆေးတက္ကသိုလ် (၁) ရန်ကုန်ရှိ ဆေးပညာကျွမ်းကျင်မှု၊ ပုံတူပြု၊ လေ့ကျင့်ရေးနှင့် သုတေသနဌာန၌ ပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ဆေးတက္ကသိုလ် (၁) ရန်ကုန် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပါသည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယ အထွေထွေအတွင်းရေးမှူး ဒေါက်တာတင်ထွန်း‌အောင်က အမှာစကားပြောကြားခဲ့ပြီး အဖွဲ့အစည်းဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာလင်းလင်းသက်ကသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ ကျန်းမာရေးဌာန ဌာနမှူး ဒေါက်တာနေထက်လင်းနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးမြင့်အောင်တို့က COVID-19 ရောဂါကာကွယ်ရေး သိကောင်းစရာများကိုလည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဆေးကုသမှုပညာဌာနမှ အရေးပေါ်အထူးကုဆရာဝန် ဒေါက်တာမျိုးဟိန်းက PPE စနစ်တကျဝတ်ဆင်နည်းနှင့် စွန့်ပစ်နည်းကိုလည်းကောင်း၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနမှ စီမံချက်မန်နေဂျာ ဦးထွန်းလွင်ဦးက COVID-19 ရောဂါစောင့်ရှောက်သူများနှင့် လူနာများအကြားတွင်ဖြစ်ပေါ်နိုင်သည့် စိတ်ဖိစီးမှုနှင့် ဖြေရှင်းရန်နည်းလမ်းများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။