19/ Nov/ 2020

နိုဝင်ဘာလ ၁၉ရက်နေ့က မိုင်းတုံမြို့နယ်က ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ မိုင်းတုံမြို့နယ်မှာရှိတဲ့ လူအများဖြတ်သန်းသွားလာလေ့ရှိတဲ့ နေရာတွေမှာ ကိုဗစ်၁၉ရောဂါကာကွယ်ရေးအသိပညာပေးဖို့ ဆောင်ရွက်ခဲ့ကြပါတယ်။ အဲ့ဒီလိုဆောင်ရွက်ရာမှာ နှာခေါင်းစည်းမဝတ်ဆင်ထားသူတွေကို နှာခေါင်းစည်းတွေအခမဲ့ပေးဝေခဲ့ပြီး အပြင်ထွက်တိုင်းဝတ်ဆင်အသုံးပြုဖို့ တိုက်တွန်းနှိုးဆော်တာတွေနဲ့ လိုက်နာဆောင်ရွက်ရမယ့်အချက်တွေ ရှောင်ကြဉ်ရမယ့်အချက်တွေကို ဗဟုသုတမျှဝေပေးခဲ့ကြပါတယ်။

အလားတူ မိုင်းပျဉ်းမြို့နယ်က ကြက်ခြေနီစေတနာလုပ်အားရှင်တွေကလည်း မိုင်းပျဉ်းမြို့အဝင်ဂိတ်ကနေ ဖြတ်သန်းသွားလာသူတွေကို ခရီးသွားမှတ်တမ်းတွေကောက်ယူခဲ့ကြပြီး ကိုယ်အပူချိန်တိုင်းပေးကာ လက်သန့်စင်ဆေးရည်များအသုံးပြုကြဖို့နဲ့ မကြာခဏလက်ကို စင်ကြယ်စွာဆေးကြောဖို့ တိုက်တွန်းခဲ့ကြကြောင်းကို ရှမ်းပြည်နယ်အရှေ့ပိုင်း အထောက်အကူပြုအရာရှိ ဒေါ်သန္တာအောင်ရဲ့ သတင်းပေးပို့မှုအရသိရှိရပါတယ်။