ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် ကျင်းပ

  11/ May/ 2022

၂၀၂၂ ခုနှစ်၊ မေလ (၉) ရက်။
၂၀၂၂ခု နှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အခမ်းအနားကို ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲရုံးတွင် မေလ (၈) ရက်နေ့က ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့်မှ ပေးပို့သော သဝဏ်လွှာကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးက ဖတ်ကြားခဲ့ပါသည်။
ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌက အမှာစကားပြောကြားခဲ့ပြီး COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ခဲ့သော ကြက်ခြေနီစေတနာလုပ်အားရှင်(၁၃) ဦးတို့အား ရောဂါကာကွယ်ထိန်းချုပ်ရေး အရေးပေါ်တုန့်ပြန်ရေးကော်မတီက ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ထို့အတူ စစ်တွေမြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်ထံမှ ပေးပို့သော သဝဏ်လွှာကို မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌက ဖတ်ကြားခဲ့ပါသည်။
ထို့နောက် ရှေးဦးပြုစုခြင်းနည်းဖြင့် ကူညီပေးမှုများအား သရုပ်ပြသခဲ့ပြီး ရှေးဦးပြုစုခြင်းစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဆုများချီးမြှင့်ပေးအပ်ခဲ့ပါသည်။