ကြက်ခြေနီက လူမှုကရုဏာအကူအညီများကို မည်သည့် အခြေအနေတွင်မဆို ကြက်ခြေနီအခြေခံမူ (၇) ချက်နှင့်အညီ ဆောင်ရွက်လျှက်ရှိ

  07/ Mar/ 2021

ကြက်ခြေနီ စေတနာလုပ်အားရှင်များသည် နိုင်ငံတစ်ဝန်း အကူအညီလိုအပ်သူများအတွက် အကူအညီများ ပေးလျှက်ရှိပါသည်။
လှိုင်မြို့နယ်တွင် ၂၀၂၁ ခုနှစ် မတ်လ (၇) ရက်နေ့ (၀၀:၁၀) နာရီခန့်က အမျိုးသမီးတစ်ဦး ဝမ်းဗိုက်နာကျင်၍ ဆေးရုံသို့ ဆေးကုသမှုခံယူလိုကြောင်း လှိုင်မြို့နယ် ကြက်ခြေနီအသင်းခွဲသို့ ဖုန်းဆက်အကူအညီတောင်းခံလာသည့်အတွက်
လှိုင်မြို့နယ် ကြက်ခြေနီစေတနာလုပ်အားရှင်များက လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံတက်ရန် မလိုအပ်သဖြင့် (၀၁:၀၀) နာရီခန့် အချိန်တွင် ၎င်း၏နေအိမ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ပါသည်။
အလားတူ မြောက်ဥက္ကလာပမြို့နယ်တွင်လည်း ၂၀၂၁ ခုနှစ် မတ်လ (၇) ရက်နေ့ (၀၂:၀၀) နာရီခန့် အချိန်တွင် မြောက်ဥက္ကလာပမြို့နယ် လျှပ်စစ်ရုံးဝင်း (အဝိုင်းကြီး) ဝန်ထမ်းလိုင်းခန်းများ မီးလောင်မှုဖြစ်ပွါးကြောင်းသတင်းရရှိသဖြင့် မြောက်ဥက္ကလာပမြို့နယ်အသင်းခွဲမှ လိုအပ်သည့် ဆေးအကူအညီများ သွားရောက်ကူညီခဲ့ကြ‌ပါသည်။
ဒါ့အပြင် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် လက်တလော ထိခိုက်ဒဏ်ရာ ရသူများ၊ အရေးပေါ် အကူအညီလိုအပ်နေသူများအား ရှေးဦးပြစုခြင်းနှင့် ဆေးရုံဆေးခန်းသို့ ပို့ဆောင်ပေးခြင်းများကို အခြေခံမူ(၇)နှင့်အညီ ဆောင်ရွက်ပေးလျှက် ရှိနေပါသည်။