ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် အခြေခံစွမ်းဆောင်ရည်မြှင့်သင်တန်း ချင်းပြည်နယ် တွင်ဖွင့်လှစ်

  07/ Aug/ 2020

မင်းတပ်၊ ဩဂုတ် ၇

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်း ဖွင့်လှစ်သော ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် အခြေခံစွမ်းဆောင်ရည်မြှင့် တင်ခြင်းသင်တန်း (Basic Capacity Building Training)ကို ၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၇ ရက်နေ့မှ ၁၄ ရက်နေ့ထိ ချင်းပြည်နယ်၊ မင်းတပ်မြို့၊ မင်းတပ်ဟိုတယ်တွင် ဖွင့်လှစ်လျက်ရှိပါသည်။

သင်တန်းဖွင့်ပွဲတွင် မင်းတပ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ ဦးမောင်ထူးမှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ ဦးလတ်မြင့်ထွန်းက အခြေခံ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းဖွင့်လှစ်ရခြင်းနှင့်အကြောင်းနှင့် ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ပါသည်။

စေတနာ့လုပ်အားရှင်များ လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှေးဦးပြုစုခြင်းကို အခြေခံပြီး အခြားလိုအပ်သော စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရန်အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်း ဖြစ်ပြီး မင်းတပ်၊ မတူပီ၊ ဆမီး၊ ပလက်ဝမြို့များမှ သင်တန်းသား/ သူ(၂၀)ဦး တက်ရောက်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံကြက်ခြေနီအသင်း(ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန)မှ အကြီးတန်းသင်တန်း အရာရှိ ဦးအုန်းသွင်၊ မိတ္ထီလာခရိုင်ကြက်ခြေနီ တပ်ဖွဲ့မှူးဦးနေဦးနှင့် တာဝန်ရှိသူများက သင်ကြားပို့ချပေးသွား မည်ဖြစ်ပါသည်။