ကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းအတတ်ပညာ

  08/ Sep/ 2022

မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ ရှေးဦးပြုစုခြင်း ပန်းတိုင်မှာ “တစ်အိမ် တစ်ယောက် ရှေးဦးပြုစုသူရှိစေရန်” ဖြစ်ပြီး အဆိုပါပန်းတိုင်ကို ရောက်ရှိအောင် အသင်းအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါတယ်။ ရှေးဦးပြုစုခြင်းနည်းစနစ်များကို သိရှိစေရန်နှင့် အရေးပေါ်အခြေအနေတွေ၊ ပဋိပက္ခဖြစ်စဉ်တွေ၊ နေ့စဉ်လူမှုဘဝတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ဘေးအန္တရာယ်ကျရောက်နေသူတွေကို ရှေးဦးပြုစုပေးနိုင်ရန် လိုအပ်ပါက ဆေးရုံဆေးခန်းတွေကို ညွှန်းပို့ပေးနိုင်ဖို့ လေ့ကျင့် သင်ကြားပေးထားတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေနဲ့ ကြက်ခြေနီဝန်ထမ်းတွေက ပြည်သူလူထုကို ရှေးဦးပြုစုခြင်း အသိပညာတွေ ဖြန့်ဝေပေးနေပါတယ်။
ဒီးမော့ဆိုမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ကိုဒေးဗစ်က ကြက်ခြေနီအကြောင်း စတင်ရှိခဲ့ပုံ၊ ကြက်ခြေနီတစ်ဦးဖြစ်ပေါ်လာခဲ့ပုံနှင့် ရှေးဦးပြုစုခြင်းအတတ်ပညာအကြောင်းကို အောက်ပါအတိုင်း ရှင်းပြခဲ့ပါတယ်။
“ကြက်ခြေနီတစ်ယောက်မဖြစ်ခင်က ကျွန်တော်တို့မြို့နယ်မှာ accident တွေဖြစ်ရင် ရှေးဦးပြုစုခြင်းအကူအညီတွေလာပြီးပေးကြတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေကို မြင်ပြီး ကြက်ခြေနီ ကို ကျွန်တော်စသိခဲ့တာပါ။ ကြက်ခြေနီဆိုတာ ရှေးဦးပြုစုပေးခြင်းကနေ ပေါ်ပေါက်လာတာဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ ကြက်ခြေနီနှင့်ရှေးဦးပြုစုခြင်းပညာဟာ ခွဲခြားပြီးမြင်လို့မရတဲ့ ဆက်စပ်မှုကို ခံစားရပါတယ်”
ယခုအခါ ကိုဒေးဗစ်သည် ရှေးဦးပြုစုခြင်းကျွမ်းကျင်သူ မြို့နယ်ကြက်ခြေနီအသင်းခွဲရဲ့တပ်ဖွဲ့မှူးတစ်ဦးအနေနှင့်လည်းကောင်း ကယားပြည်နယ်ကြက်ခြေနီရဲ့ လူငယ်ခေါင်းဆောင်တစ်ဦးအဖြစ်လည်းကောင်း လူမှုကရုဏာအလုပ်တွေကို ဆောင်ရွက်လျှက်ရှိပါတယ်။
ဆက်လက်ပြီး “ရှေးဦးပြုစုခြင်းအတတ်ပညာဟာ လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်သလို လူ့ပတ်ဝန်းကျင်တစ်ခုလုံးအတွက် များစွာအထောက်အကူပြုသည့် အတတ်ပညာတစ်ခုဖြစ်တဲ့အတွက် တတ်မြောက်ထားရင် မလိုလားအပ်တဲ့ အသက်ဆုံးရှုံးမှုတွေ၊ ခြေ၊လက်အင်္ဂါဆုံးရှုံးမှုတွေ လျော့နည်းသွားနိုင်တာကြောင့် ရှေးဦးပြုစုခြင်းကို သင်ယူထားသင့်တယ်” လို့လည်း ရပ်ရွာလူထုအတွင်းမှာရှိတဲ့ လူငယ်တွေကို တိုက်တွန်းပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ရှေးဦးပြုစုခြင်း၊ မိုင်းအန္တရာယ်ကင်းရှင်းရေး၊ လူထုအခြေပြု ရှေးဦးပြုစုခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်း၊ ရေပြင်သက်ကယ်၊ အိမ်တွင်းမတော်တဆ ဖြစ်ပွားမှု ကာကွယ်ရေးနှင့် လမ်းအန္တရာယ် မတော်တဆဖြစ်ပွားမှုကာကွယ်ရေးစသည့် အန္တရာယ် ကင်းရှင်းရေး သင်တန်းများတွေကိုလည်း ဖွင့်လှစ်ပေးနေပါတယ်။