ဇော်ဂျီမြစ်ရေလျှံမှုကြောင့် ရေဘေးသင့်အိမ်ထောင်စုများအား ကြက်ခြေနီက ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်

  09/ Aug/ 2022

ရပ်စောက်၊ ဩဂုတ်လ (၉) ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်ရှိ ဇော်ဂျီမြစ်ရေလျှံမှုကြောင့် ဇော်ဂျီရပ်ကွက်နှင့် ဥတ္တားရပ်ကွက်တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းတို့ကို ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
၎င်းရေဘေးသင့်အိမ်ထောင်စုများအား ဆေးစိမ်ခြင်ထောင် (၁၀၀) လုံး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁၀၀) စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁၀၀) စုံနှင့် နိုင်လွန်ကြိုး (၃) ခွေတို့ကိုလည်း သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။