နေပြည်တော်တွင် ကြက်ခြေနီက လူမှုကရုဏာအကူအညီများ ဆက်လက်ဆောင်ရွက်

  20/ Mar/ 2022

နေပြည်တော်၊ မတ်လ (၂၀)ရက် ။
၂၀၂၂ ခုနှစ်၊ မတ်လ(၁၇)ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော် ၊ ပျဉ်းမနား-တောင်ညိုလမ်း ၊ ဇမ္ဗူသီရိအထူးကုဆေးရုံအနီးတွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သဖြင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ထိခိုက်ဒဏ်ရာရရှိသူ(၂၁)ဦးအား အရေးပေါ်ရှေးဦးပြုစုပေးခဲ့ကြပြီး မိုးစေတနာပရဟိတအသင်း၊ ပေးဆပ်သူများလူမှုကူညီရေးအသင်း တို့နှင့်အတူ ပူးပေါင်းကာ လူနာတင်ယာဉ်များဖြင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး ကုတင်(၁၀၀၀)သို့ ပို့ဆောင်ကူညီပေးခဲ့ကြပါသည်။ ထို့ပြင် ဇမ္ဗူသီရိအထူးကုဆေးရုံမှ လွှဲပြောင်းလူနာတစ်ဦးအား အမှတ်(၂)တပ်မတော်ဆေးရုံ ကုတင်(၁၀၀၀)သို့ လူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြပါသည်။
ထို့ပြင် မတ်လ(၁၇)ရက်နေ့က ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာအုပ်စု၊ ချောင်းကမ်းကြီးကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု(၁)စု ထိခိုက်ခံစားခဲ့ရသဖြင့် မိသားစုသုံးပစ္စည်း(၁)စုံ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ၊ အိမ်ဆောက်အထောက်အကူပြုပစ္စည်း(၁)စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ နှင့် ရေသန့်ပုံး(၁)ပုံး တို့ကို ကြက်ခြေနီက သွားရောက် ထောက်ပံ့ပေးခဲ့ပြီး စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများ ပြုလုပ်ပေးခဲ့ကြပါသည်။
အလားတူ မတ်လ(၁၈)ရက်နေ့က ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်မှ ဦးခေါင်းကွဲဒဏ်ရာရရှိသူအမျိုးသမီးတစ်ဦးအား ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်း လူနာတင်ယာဉ်ဖြင့် ပြည်စံအောင်ကျေးလက်ကျန်းမာရေးဆေးခန်းသို့ ပို့ဆောင်ပေးခဲ့ပြီး အရေးပေါ်ရှေးဦးပြုစုပေးခဲ့ကြပါသည်။